အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းမိုင်(မဇ္စျိမ)၊ ဒီဇင်ဘာလ ၂၇ ရက် ။ ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးတွင် ပါဝင်သူအားလုံး ညှိနှိုင်းဆွေးနွေးသော အစည်းအဝေး(Stateholder Consultation Meeting) ကို ဒီဇင်ဘာလ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေသည်။
UNFC က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေများကို ပြန်လည် သုံးသပ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ် အထောက်အကူဖြစ်စေရန် မျော်လင့်ထားသည်ဟု UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အထောက်အကူပြုဖို့ ဖြစ်ပါတယ်။ အခုငြိမ်းချမ်းရေးဖြစ်စဉ်က ကျွန်တော်တို့ အလားအလာက တိုက်ပွဲတွေ ပြင်းထန်လာနေတယ်။ ရှေ့ဆက် ဒီအတိုင်းသွားမယ်ဆိုရင် သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အလားအလာ မကောင်းဘူး။ ဘယ်လို ဆက်လုပ်ကြမလဲ။ ဒါတွေကို နှီးနှောတိုင်ပင်ပြီးတော့အတူတကွ ပူးပေါင်းဆောင်ရွက်မှု နည်းနာရှာဖို့ ဖြစ်ပါတယ် ”ဟု သူက သတင်းထောက်များကို ပြောသည်။
ထိုအစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့ဝင်များဖြစ်သော တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၀ ပါတီမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်နှင့် လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။ ထိုအစည်းအဝေးကို ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။
သုံးရက်ကြာ အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုအပေါ် သုံးသပ်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်၊ ၂၁ ရာစုပင်လုံညီလာခံနှင့် အန်စီအေ အကောင်ထည်ဖော်မှုဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် CSO Forum အခန်းကဏ္ဍနှင့် အနေအထား၊ ဒေသတွင်းနှင့် နိုင်ငံတကာအတွင်း မြန်မာ့အရေး လှုပ်ရှားမှု အခြေအနေများ၊ တရားရေးမဏ္ဍိုင်နှင့် ဥပဒေပြုပြင်ပြောင်းလဲရေးအခြေအနေများ၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ရှေ့အလားအလာ၊ သစ်တောကဏ္ဍနှင့် သဘောဝ ပတ်ဝန်းကျင်၊ အရပ်ဘက်အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အခင်းအကျင်း၊ ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး အခြေအနေ၊ သယံဇာတ စီမံခန့်ခွဲရေး၊ ဖြေယာမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြမည် ဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည် သုံးသပ်ခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုဖြစ်စဉ်အပေါ် တင်ပြဆွေးနွေးခဲ့သော စိုင်းကျော်ညွန့် က ကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များ၏ အမြင်များ ဆွေးနွေးဖလှယ်ခြင်း ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုတွင် အကောင်းဆုံး ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CSSU)မှ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောသည်။
“ဒါက လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို သုံးသပ်နိုင်ဖို့အတွက် ကဏ္ဍပေါင်းစုံမှာ ပါဝင်ပတ်သက်နေတဲ့၊ ကဏ္ဍပေါင်းစုံမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကနေ အသိအမြင်ချင်းဖလှယ်တဲ့ သဘောဖြစ်နေတယ်ဆိုတော့ဖြင့် ဒီအစည်းအဝေးကနေ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်ကြီးများက စဉ်းစားတွေးတော ပြီးတော့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု စိုင်းကျော်ညွန့်က ပြောသည်။
ထို့ပြင် အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာ အတွင်း မြန်မာ့အရေး လှုပ်ရှားမှု အခြေအနေများကို တင်ပြမည်ဖြစ်သော အကြံပေးဘုတ်အဖွဲ့မှ ဥက္ကဌ မခင်ဥမ္မာကလည်း လက်ရှိ နိုင်ငံရေး အကြပ်အတည်းဖြစ်နေသည့်အချိန်တွင် ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူကျင်းပမှုအပေါ် ကြိုဆိုကြောင်း ပြောသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အချိုးအပြောင်းပေါ့နော်။ အခုအချိန်က အရမ်းအရေးကြီးဆုံး အချိန်ကို ရောက်လာပြီ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ ဦးဆောင်တဲ့ အချိန်မှာဘဲ စစ်တပ်ရဲ့ အာဏပြမှုတွေက ပိုဆိုးလာတယ်လို့ တွေ့ရတယ်။ ပိုပြီးတော့ စိတ်ပူ စရာကောင်း လာတာက လူတွေ အချင်းချင်းကြားထဲမှာ၊ ပြည်သူလူထုကြားထဲမှာပါ ထင်ရောင်ထင်မှားနဲ့ ဖြစ်ပြီးတော့ လောလောဆယ် တပ်မတော်ကနေ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေကို တရားသော စစ်ကိစ္စမျိုးနဲ့ စစ်ကိုအားပေးတဲ့ လူထုထောက်ခံပွဲလာ လာတာကအစ ကျမတို့က အရမ်းစိတ်ပူတယ်”ဟု သူက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် အကြံဥာဏ်ကောင်းများ တင်ပြကြပါရန် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက တိုက်တွန်းပြောဆိုခဲ့သည်။
UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလဆန်းတွင် ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရဘက်မှ တင်ပြထားသည်ဟု သိရသည်။
UNFC ခေါင်းဆောင်များသည် တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ညီညွတ်မှု ရရှိရေးအတွက် မကြာသေးမီက ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဌာနချုပ် ပန်ဆန်းမြို့သို့ သွားရောက် တွေ့ဆုံဆွေးနွေးမှုသည်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးထွန်းဇော်က ပြောသည်။
===================
251 / End
၂၇ ဒီဇင်ဘာ ၂၀၁၆ - ၁၆:၃၇
News ID: 801140
ချင်းမိုင်(မဇ္စျိမ)၊ ဒီဇင်ဘာလ ၂၇ ရက် ။ ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးတွင် ပါဝင်သူအားလုံး ညှိနှိုင်းဆွေးနွေးသော အစည်းအဝေး(Stateholder Consultation Meeting) ကို ဒီဇင်ဘာလ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေသည်။