အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးသည့် ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးသို့ အကူအညီများပေးမည် ဖြစ်ကြောင်း ယမန်နေ့က ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင် စီအဖွဲ့ဝင်နိုင်ငံများမှ သံအမတ် ကြီးများသည် နှစ်ရက်ကြာ မြန်မာ နိုင်ငံခရီးစဉ်အပြီး ယမန်နေ့ ညနေတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်း လင်းပွဲပြုလုပ်၍ ယင်းသို့ ပြော ကြားခြင်းဖြစ်သည်။
‘‘ထွက်ပြေးတိမ်းရှောင်သွား တဲ့ ဒုက္ခသည်များနဲ့ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ နှစ်နိုင်ငံစလုံးကို ကူညီထောက်ပံ့မှုတွေ ပေးသွားမှာ ပါ။ နှစ်နိုင်ငံသဘောတူထားတဲ့ စာချုပ်အတိုင်း အမြန်ဆုံးအ ကောင်အထည်ဖော်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်’’ဟု ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်သံအမတ်ကြီး ကာရန်ပီယာ့စ်က ပြောသည်။
အထက်ပါသတင်းစာရှင်း လင်းပွဲတွင် ကုလလုံခြုံရေးကောင်စီ အလှည့်ကျ လက်ရှိ ဥက္ကဋ္ဌပိုလန်သံအမတ်ကြီး၊ ဥက္ကဋ္ဌဟောင်း ပီရူးသံအမတ်ကြီး၊ ဗြိတိန်သံအမတ်ကြီးနှင့် ကူဝိတ်သံအမတ်ကြီးတို့က မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံခရီးစဉ် အတွေ့အကြုံများကို ပြောကြားသည်။
ကုလလုံခြုံရေးကောင်စီအ ဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များ မြန်မာနိုင်ငံသို့ လာရောက် ခွင့်ရခြင်းနှင့် ကောင်းမွန်သည့် သတင်းအချက်အလက်များ ရရှိခဲ့ ၍လည်း မြန်မာအစိုးရကို ကျေး ဇူးတင်ကြောင်း ပြောကြားသည်။
ထို့အပြင် ခရီးစဉ်အတွင်း အရေးကြီးသည့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်နိုင်ခဲ့သည့်အပေါ် ကျေနပ်အားရကြောင်းနှင့် ဒုက္ခ သည်များ နေရပ်ပြန်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးက အ ရေးကြီးကြောင်း ပီရူးသံအမတ် ကြီး ဂူစတာဗိုမီဇာကွာဒရာက အကြံပြုသည်။
ကုလလုံခြုံရေးကောင်စီအ ဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များနှင့်အတူ အိမ်နီးချင်းနိုင်ငံများ နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံမှ သံအမတ်ကြီးများသည် ယမန်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသသို့ သွားရောက်ခဲ့သည်။
ခရီးစဉ် ပထမနေ့ ဧပြီ ၃၀ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကျော်တင်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အရေးဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ သံအမတ်ကြီးများသည် ဘင်္ဂလား ဒေ့ရှ်သို့ သွားရောက်ခဲ့ပြီး ကော့ဘ ဇားဒုက္ခသည်စခန်း၌ ဘင်္ဂါလီများ နှင့်တွေ့ဆုံကာ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာနှင့် ဆွေးနွေးခဲ့သည်။
========================
251 / End
၂ မေ ၂၀၁၈ - ၁၈:၃၁
News ID: 891790
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးသည့် ဒုက္ခသည်များ အရေးနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးသို့ အကူအညီများပေးမည် ဖြစ်ကြောင်း ယမန်နေ့က ပြောကြားသည်။