အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ သြဂုတ် ၃၁ ။ ။ တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင်အထောက်အပံ့ရနိုင်ရန် တိုင်းရင်းသား သတင်းသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာမြန်မာ့သတင်း (BNI) အဖွဲ့မှ ကြိုးပမ်းနေကြောင်း သိရသည်။
အဆိုပါသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေးကို မဲဆောက်မြို့တွင် ပြုလုပ်သော နိုင်ငံတကာမြန်မာ့သတင်း (Burma News International) အဖွဲ့မှ အဖွဲ့ဝင်အယ်ဒီတာများ၏ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
“ သင်တန်းတွေပေးပြီးတော့ သတင်းထောက်တွေများပြားလာရင် ဒေသအတွင်းဖွံဖြိုးတိုးတက်ရေးမှာ တစ်စိတ်တစ်ပိုင်းက ကူညီနိုင်မယ်ဆိုတဲ့ အနေအထားမျိုးတွေ ရည်ရွယ်ပြီးတော့ ဒီကျောင်းကိုတော့ အကောင်အထည်ဖော်ဖို့ဆိုတာမျိုး ရည်ရွယ်ထားတယ်။ ဒါပေမယ့် လောလောဆယ်တော့ ဘတ်ဂျက်က မြေ နေရာတော့ရထားပြီးပြီ။ ကျောင်းဆောက်ဖို့တွေမှာတော့ မီးသွယ်ဖို့ကအစ ဆောက်ဖို့က အစတော့ ငွေမရှိသေးဘူးပေါ့။ ဒါကို သက်ဆိုင်ရာမှာ ပြည်နယ်အစိုးရမှာ တောင်းမလားဆိုတာတော့ ၊ အကူညီတောင်းနိုင်မလားဆိုတာမျိုးကတော့စဉ်းစားထားတာမျိုးရှိတယ်” ဟု မီဒီယာနှင့် ဈေးကွက်ဖွံ့ဖြိုးရေးကော်မတီ (Media and Marketing development committee) ဥက္ကဋ္ဌ ကိုအောင်မိုးမြင့် ကပြောသည်။
တိုင်းရင်းသားသတင်းသင်တန်းကျောင်းဖွင့်လှစ်နိုင်ရန်အတွက် လတ်တလောတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ တွင် မြေနေရာရရှိထားသည်။
ရန်ကုန်တွင် သင်တန်းများပေးမည်ဆိုပါက မြေနေရာဈေးနူန်းကြီးမြင့်ခြင်းနှင့်အခြားစရိတ်များရှိသည့်အတွက် တိုင်းရင်းသားဒေသများတွင် သင်တန်းပေးခြင်းက စရိတ်များကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
“ ကျွန်တော်တို့ တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အားကောင်းကောင်းနဲ့ လုပ်သွားဖို့ ရည်ရွယ်ပါ တယ်။ လိုအပ်ချက်တွေ ရှိနေသေးတော့ ပံ့ပိုးမှုတွေရမယ်ဆိုရင် ပိုပြီးမြန်မြန်လုပ်နိုင်မာပေါ့ ” ဟု BNI ဘဏ္ဍာရေး ကော်မတီဥက္ကဋ္ဌ ဂျေ-စန်းသဲ ကပြောသည်။
တစ်ဆက်တည်းမှာပင် BNI အဖွဲ့အစည်းဝင်များအနေဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများကို ပိုမိုစောင့်ကြည့်ရေးသားသွားရန်လည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့အပြင်ပြောင်းလဲလာသည့် အခြေအနေနှင့်အညီ နိုင်ငံတကာမြန်မာ့သတင်း (BNI) သည် တိုင်းရင်းအခြေပြု ရုပ်သံအစီအစဉ်များကို ရိုက်ကူးထုတ်လုပ်မှုများ တိုးချဲ့လုပ်ဆောင်သွားရန်လည်း ဆုံးဖြတ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် BNI အနေဖြင့် အဖွဲ့ဝင်သတ်မှတ်ချက်များကိုပြင်ဆင်လိုက်ခြင်းဖြင့် အဖွဲ့ဝင် အဖွဲ့အစည်းသစ်များအတွက် လမ်းဖွင့်ပေးလိုက်ပြီး ယခု (၂၆) ကြိမ်မြောက်အစည်းအဝေးတွင် Development Media Group (DMG) ကိုလည်း အဖွဲ့ဝင်အသစ်အဖြစ် လက်ခံခဲ့ကြောင်းသိရသည်။
BNI သည် တိုင်းရင်းသားဒေသများကို အထူးပြုပြီး မြန်မာနိုင်ငံအတွင်းရှိ အဖြစ်အပျက်များကို ပြည်တွင်း နှင့် နိုင်ငံတကာမှ ပိုမို နားလည် သိရှိနိုင်ရန်အတွက် အရည်အသွေး ပြည့်မှီသည့် ဘက်စုံ သတင်းမီဒီယာ လုပ်ငန်းများ ဦးတည်လုပ်ဆောင်သွားရန် ရည်ရွယ်ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။
BNI တွင် မဇ္ဈိမ၊ Chin World ၊ Kachin News Group ၊ Narinjara ၊ Khonunthung News ၊ Shan Heart Agency ၊ Mon News Agency ၊ KIC ( Karen Information Center) ၊ သံလွင်တိုင်းမ်၊ Network Media Group ၊ ဟင်္သာမီဒီယာ၊ Kaladan Press ၊ ကန္တာရ၀တီတိုင်းမ်၊ DMG တို့ ပါဝင်ဖွဲ့စည်းထားသည်။
=======================
251 / End
၃၁ ဩဂုတ် ၂၀၁၈ - ၁၆:၄၅
News ID: 907571
ရန်ကုန်၊ သြဂုတ် ၃၁ ။ ။ တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင်အထောက်အပံ့ရနိုင်ရန် တိုင်းရင်းသား သတင်းသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာမြန်မာ့သတင်း (BNI) အဖွဲ့မှ ကြိုးပမ်းနေကြောင်း သိရသည်။