အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၂၂ ဇန်နဝါရီ ၂၀၂၃

၂၀:၃၇:၅၈
1340261

ရန်ကုန်က မြို့နယ်တော်တော်များများ ရေပြတ်နေသဖြင့် အခက်အခဲကြုံနေ

ရန်ကုန်က မြို့နယ်တော်တော်များများ ရေပြတ်နေတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

ရန်ကုန်က မြို့နယ်တော်တော်များများ ရေပြတ်နေတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေပေးဝေနေတဲ့ မြို့တော်စည်ပင်က ကြိုတင်အသိပေးတာမရှိဘဲ ရေပြတ်သွားတာကြောင့် စုဆောင်းသိုလှောင်တာ မလုပ်ခဲ့ရဘူးလို့ ရန်ကုန်မြို့နေတွေက ပြောပါတယ်။

“ဘာမှမသိလိုက်ရဘူး။ မနေ့ကတည်းက ရေမလာတာ။ ခုလည်း ဘယ်အချိန်အထိ ပြတ်မယ်ဆိုတာ မသိရသေးဘူး” လို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

လှော်ကားရေလှောင်ကန်ကနေ ရေသွယ်ယူလာတဲ့ ၆၆ လက်မ ရေပိုက် ပျက်စီးတာကြောင့် ပြင်ဆင်နေတာလို့ စုံစမ်းသိရပေမယ့် တာဝန်ရှိတဲ့ စည်ပင်သာယာ ဘက်ကတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က “၂ ရက်လောက်ကြာမယ်လို့တော့ သိရတယ်။ ၂၂ ရက်နေ့ ညနေ ဒါမှမဟုတ် ၂၃ ရက် မနက်မှာ ပြန်ရမယ်လို့ သိရတယ်။ အတိအကျတော့ ပြောလို့မရပါဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်မနက်ကစလို့ ရေပြတ်သွားတာဖြစ်ပြီး တချို့မြို့နယ်တွေက နေရာတချို့ကတော့ အခုအချိန်ထိရေရနေသေးတယ်လို့ ဆိုပါတယ်။ ဒါကလည်း ရေပေးဝေတဲ့ ပိုက်ရဲ့ အကျယ်နဲ့ ပိုက်ထဲမှာ ရေကျန်ရှိတဲ့ပမာဏ၊ မြေပြင်အနိမ့်အမြင့်ပေါ်မူတည်ပြီး ရတာဖြစ်မယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

“အိမ်မှာရေပြတ်လို့ ခေါင်းလျှော်မယ်ဆိုပြီး ဆိုင်ကိုသွားတော့လည်း ဆိုင်မှာ လူတွေတန်းစီရတယ်။ ဆိုင်မှာလည်း ရေမရတော့ ခေါင်းလျှော်ရဖို့တောင် မသေချာဘူး” လို့ ရန်ကုန်မြို့နေသူတယောက်က ပြောပါတယ်။

စုံစမ်းသိရသလောက်တော့ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှာ ရေပြတ်နေတာပါ။

ဒါ့အပြင် မနေ့ညပိုင်းက ဘီလူးချောင်း ၂- တီကျစ်ဓာတ်အားလိုင်းက တိုင်တတိုင် လဲကျပျက်စီးသွားတာကြောင့် ရန်ကုန်တိုင်းက နေရာတချို့မှာ မီးပြတ်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
****************************************************************
END / 251