အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၈ မတ် ၂၀၂၃

၂၁:၃၀:၂၂
1351285

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင် အိုက်စ်မူးယစ်ဆေး ၁ တန်နှင့် စိတ်ကြွဆေးပြားသန်းချီ ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်း ဝင်ရောက်လာတဲ့ အသီးအရွက်တင်ကား ၁ စီးထဲမှာ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန် (၁,၀၀၀ ကီလိုဂရမ်)၊ စိတ်ကြွဆေး ၁ သန်း ၄ သိန်း၊ ခေတာမင်ဆေး ၃၀၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ် ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ် ၇ ရက် မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်း ဝင်ရောက်လာတဲ့ အသီးအရွက်တင်ကား ၁ စီးထဲမှာ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန် (၁,၀၀၀ ကီလိုဂရမ်)၊ စိတ်ကြွဆေး ၁ သန်း ၄ သိန်း၊ ခေတာမင်ဆေး ၃၀၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ် ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ် ၇ ရက် မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြိုတင်သတင်းရထားတဲ့ ကား ၂ စီးနောက်ကို မူးယစ်ရဲတွေ နောက်ယောင်ခံလိုက်လာကာ ထိုင်းအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင် ဆရီပကျန်မြို့နယ် ဘန်းကျတ်ဓာတ်ဆီဆိုင်မှာ ဝင်ရပ်ထားစဉ် စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါကား ၂ စီးအနက် ၁ စီးမှာ လမ်းပြဖြစ်ပြီး နောက်တစီးက ခရမ်းသီး၊ သခွားသီး၊ မုန်ညင်းဖြူတွေ အပြည့်တင်ဆောင်လာကြောင်း၊ အသီးအရွက်တွေ ဖယ်ရှားကြည့်ရာမှာ မူးယစ်ဆေးဝါးတွေ ထည့်ထားတဲ့အိတ်တွေ တွေ့ရတာလို့ ဆိုပါတယ်။

အဲဒီအိတ်တွေထဲကနေ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁ တန်၊ စိတ်ကြွဆေးပြား ၁ သန်း ၄ သိန်း၊ ခေတာမင်ဆေး ၃၀၀ ကီလိုဂရမ်အပြင် ဘတ် ၁ သိန်းတန်ဖိုးရှိ ရွှေထည်တွေနဲ့ ငွေသား ၈၄၄,၀၀၀ ဘတ်တို့ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်း ၂ ဦးဖြစ်တဲ့ နိုင်းထုန်းချိုင်း (၃၈ နှစ်) နဲ့ နိုင်းချလိုမ်ချိုင်း (၃၄ နှစ်) တို့ကို ဖမ်းဆီးအရေးယူထားကြောင်း၊ သူတို့နှစ်ဦးဟာ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်က မုန်းတိုင်းရင်းသားတွေလို့ ဆိုပါတယ်။

ချန်နယ်လ် ၃ သတင်းမှာတော့ သူတို့နှစ်ဦးဟာ မူးယစ်ဆေး အငှားသယ်ဆောင်ပေးသူတွေသာ ဖြစ်ပြီး ပိုင်ရှင်အစစ်မှာ ထိုင်းနိုင်ငံက မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ မြန်မာနိုင်ငံသား နုချိန် ခေါ် နိုင်းထာပနန် ထမရတ်ဌာဒါး ခေါ် နိုင်အဓိဌာန် ရှဲ့တန့် ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ဒီမတိုင်ခင်က သူ့ရဲ့ဂိုဏ်းသားတွေထံကနေ မူးယစ်ဆေး အချီကြီးတွေ ဖမ်းမိခဲ့ကြောင်း၊ ထိုင်းဘက်က သူ့ကို မူးယစ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ လွန်ခဲ့တဲ့ ၉ နှစ်က ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း သောင်ရင်းမြစ်ထဲက အလောင်း ၁ လောင်းကို သူ့အလောင်းလို့ လူမှုကွန်ရက်မှာ ကြေညာကာ အရိုးပြာအိုး ရေထဲမျောတဲ့ပုံတွေ ဖြန့်ဝေခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ကတော့ သူတကယ်မသေသေးဘဲ နယ်စပ်က မူးယစ်ဆေးတွေ ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ တောင်ပိုင်းဘက်ကို ပို့ဆောင်ဖို့ အဓိကညွှန်ကြားနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ရဲ့ မနေ့က သတင်းစာရှင်းပွဲမှာ ဒီဖြစ်ရပ်အပါအဝင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၄ ကြိမ် ပေါင်းစည်းထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယအမှုမှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ်မှ လမ်းပန်းခရိုင် မယ့်ဖရစ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းလာတဲ့ ပါဆယ်ထုပ်ပို့ဆောင်ရေး ဝန်ဆောင်မှုကား ၁ စီး ပေါ်ကနေ ၉၉၉ တံဆိပ်ပါ စိတ်ကြွဆေး ၁,၂၀၀,၀၀၀ ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကနေ လမ်းပြကား ၁ စီး၊ မူးယစ်ဆေးတင်ကား ၁ စီးနဲ့ ပါဝင်ပတ်သက်သူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

တတိယဖြစ်ရပ်မှာ  အယုဒ္ဓယခရိုင် ဘန်ပဟန်မြို့နယ် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၃၂ မှာ မောင်းလာတဲ့ ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေး ၃ သန်းနဲ့ အိုက်စ်ဆေး ၂၀၀ ကီလိုဂရမ် ဖမ်းမိပြီး တရားခံဟာ အမျိုးသား ၂ ဦးလို့ ဆိုပါတယ်။ အဆိုပါမူးယစ်ဆေးတွေလည်း ထိုင်းမြောက်ပိုင်းကနေ သယ်လာတာလို့ ဆိုပါတယ်။

စတုတ္ထဖြစ်ရပ်မှာ ထိုင်းတောင်ပိုင်း ပတ္တနီမြို့ကနေ ဟတ်ယိုင်ခရိုင်ဘက် ဦးတည်သွားတဲ့ ကား ၁ စီးပေါ်ကနေ စိတ်ကြွဆေး ၁ သိန်း ၁ သောင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ အဖမ်းခံထားရပါတယ်။

မနေ့ သတင်းစာရှင်းပွဲမှာ အထက်ပါ မူးယစ်မှု ၄ မှုကနေ အိုက်စ် ၁,၂၀၀ ကီလိုဂရမ် (၁ ဒသမ ၂ တန်)၊ စိတ်ကြွဆေး ၅,၇၁၀,၀၀၀၊ ခေတမင်း ၃၀၀ ကီလိုဂရမ်၊ တရားခံ ၁၄ ဦး၊ ကား ၈ စီး၊ လက်ကိုင်ဖုန်း ၁၈ လုံးတို့ကို ဖမ်းဆီးရမိပြီး နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ် အရေးယူသွားမယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ ဒုရဲချုပ် ချင်ဖတ်ထွဏ်း ဆာရဆင်းက ပြောသွားပါတယ်။

****************************************************************
END / 251