အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၁၀ မေ ၂၀၂၃

၁၃:၄၂:၃၉
1364535

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့ဟာ မေ ၉ ရက်က ဒေလီမြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သည်တယ်လီဂရပ်ဖ် အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့ဟာ မေ ၉ ရက်က ဒေလီမြို့မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သည်တယ်လီဂရပ်ဖ် အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

နိုလင်းဟေဇာနဲ့ တွေ့ဆုံဆွေးနွေးရတဲ့အပေါ် မစ္စတာ ဂျိုင်ရှန်ကာက ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် အားပေး ထောက်ခံပြီး တော့ အမြင်ရှုထောင့်တွေကိုလည်း အသိအမှတ်ပြု ကြိုဆိုတယ်လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပေမယ့် ထူးခြားတဲ့ရလဒ် မရရှိခဲ့ပါဘူး။

ဒါ့အပြင် အခုမေလဆန်းတုန်းက မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေး ခဲ့ကြပါ သေးတယ်။

အဆိုပါ တွေ့ဆုံမှုမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်တယ်လို့ ပြောလိုက်ပြီး တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေထက် မြန်မာနဲ့ ပိုမိုရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့ ပိုပြီးတော့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နောက်ခံအခြေအနေဟာ ရှုပ်ထွေးပြီးတော့ ဒါကို အမြန်ဆုံး ပြုပြင်ပြောင်းလဲနိုင်ဖို့တော့ ခက်ခဲမှာဖြစ်ကာ နိုင်ငံတကာအနေနဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းနိုင်ဖို့အတွက် သက်ဆိုင်တဲ့ ပါတီတွေအားလုံးကို ပေါင်းကူးတံတားလုပ်ပေးပြီး ကူညီဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာချင်ဂန်းက ပြောပါတယ်။

ဒေါက်တာနိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေးကို မြန်မာကပဲ ဦးဆောင်သင့်ပြီး ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားသင့်တယ်လို့ ပြောလိုက်ပြီးတော့ ခုလို တွေ့ဆုံဆွေးနွေးမှုက အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ အနာဂတ်မှာတော့ ခြားနားမှုတခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေး ပြေလည်အောင် မြှင့်တင်ရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ရှိကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး တောင်းဆို ဆန္ဒပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရပြီး မြန်မာစစ်တပ်ဟာ အတိုက်အခံတွေနဲ့ အာဏာရ အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်သူတွေကို ပစ်မှတ် ထားကာ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကတော့ မြန်မာစစ်အုပ်စုက စစ်ကိုင်းတိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီး ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ပြီးခဲ့တဲ့လတုန်းက တောင်းဆိုထားခဲ့တာ ပါ။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ မဟာဗျူဟာကျတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နာဂမြေနဲ့ မဏိပူရ ပြည်နယ်တွေ အပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ ကီလိုမီတာ ၁,၆၄၀ ရှည်လျားတဲ့ နယ်နိမိတ်ချင်းဆက်နေတာ ဖြစ်ပါတယ်။

****************************************************************
END / 251