အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဆီယံသံတမန်တွေ ပါတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရတာဟာ မြန်မာနိုင်ငံတဝန်းက မြေပြင်အခြေအနေမှန်ကို အာဆီယံနိုင်ငံတွေ သိသွားမှာကို စိုးရိမ်တာကြောင့် ဖုံးကွယ်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။
အခုလို သံတမန်ယာဉ်တန်းတိုက်ခိုက်မှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။
မေ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံက သံတမန် ၂ ယောက်၊ စင်ကာပူနိုင်ငံက သံတမန် ၂ ယောက်နဲ့ အာဆီယံလူသားချင်းဆိုင်ရန် အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ AHA စင်တာ တာဝန်ရှိသူတွေပါဝင်တဲ့ ယာဉ်တန်းဟာ ဆီဆိုင်မြို့မရောက်ခင် နန့်အောကျေးရွာနားမှာ ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ ထုတ်ပြန်လိုက်တာပါ။
ပစ်ခတ်မှုဖြစ်တဲ့နေရာ သရက်ပင်ကြီးကွေ့ဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ PNO တပ်တို့ကြားမှာရှိပြီး ယာဉ်တန်းနောက်ဆုံးက ရဲကားတွေ ပစ်ခံခဲ့ရတယ်လို့ သိရကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ တိတိကျကျမသိရသေးဘဲ ဒါနဲ့ပတ်သက်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်စပ်က စစ်ဘေးရှောင်တွေကို ကူညီနိုင်ရေးအတွက် သွားရောက်တာဖြစ်လို့ ဒါကို ချောင်းမြောင်းပစ်ခတ်တာဟာ စစ်ဘေးရှောင်တွေ ကူညီနိုင်ရေးအစီအစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်တာပဲလို့ ဆိုပါတယ်။
အာဆီယံခေါင်းဆောင်တွေကလည်း ယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ ဒီတိုက်ခိုက်မှုအတွက် ကျူးလွန်သူတွေတာဝန်ခံရမယ်လို့ ဒီကနေ့ ကြေညာပါတယ်။
****************************************************************
END / 251