အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၁၄ မေ ၂၀၂၃

၂၀:၀၈:၃၈
1365657

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံ လက်မလျှော့သေး

မြန်မာနိုင်ငံက ပြဿနာကို ၂ နှစ်ကျော်ကြာ ဖြေရှင်းရာမှာ ဘာတိုးတက်မှုမှ မရှိပေမယ့် လက်လျှော့သွားမှာ မဟုတ်ဘူးလို့ အာဆီယံအဖွဲ့က ပြောကြား လိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံက ပြဿနာကို ၂ နှစ်ကျော်ကြာ ဖြေရှင်းရာမှာ ဘာတိုးတက်မှုမှ မရှိပေမယ့် လက်လျှော့သွားမှာ မဟုတ်ဘူးလို့ အာဆီယံအဖွဲ့က ပြောကြား လိုက်ပါတယ်။

၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒီပွဲ ဖိတ်ကြားခြင်း မရှိပါဘူး။

၀ေဖန်

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ဟာ ပြဿနာဖြေရှင်းရေး ဘာမှလုပ်ဆောင်ခြင်းမရှိသလို၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောပါတယ်။

“တည့်တည့်ပဲ ပြောပါရစေ။ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ ဘာတိုးတက်မှုမှ မရှိပါဘူး”

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သိပ်မကြာခင်မှာ အာဆီယံဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ပြဿနာဖြေရှင်းရေး ကတိက၀တ် တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု ရပ်တန့်ရေး၊ ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွေ ဒီ ၅ ချက်မှာ ပါ၀င်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေကို သည်းခံလို့မရဘဲ၊ ဒါတွေကို ရပ်တန့်ရေး၊ ပြည်သူတွေကို ကာကွယ်ပေးရေး လုပ်ဆောင်သွားရမယ်လို့ ၀ီဒိုဒိုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သဘောထား

စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ သဘောထားကို ပြောင်းလဲမှာမဟုတ်ဘူးလို့ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ အာဆီယံဟာ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်တာမျိုး မလုပ်ဘဲ၊ အစည်းအ၀ေးတွေမှာလည်း စစ်ခေါင်းဆောင်တွေကို ဖိတ်ကြားခြင်း မပြုပါဘူး။

လီရှန်လွန်းက အာဆီယံဟာ ရှေ့ဆက် ဒီလိုအနေအထားအတိုင်း ဆက်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင်တွေ၊ NLD တာ၀န်ရှိသူတွေ အပါအ၀င် သက်ဆိုင်သူတွေအကြား တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးဖို့၊ တော်တော်လေး ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို လူသားချင် စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ စသဖြင့် အခြေအနေတွေ ပိုကောင်းလာအောင် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဖြစ်နိုင်ရင် အကြမ်းဖက်မှု ရပ်တန့်ဖို့လည်း တိုက်တွန်းသွားမှာပါ။ မလွယ်တော့မလွယ်ဘူး။ အချိန်အများကြီး ပေးရလိမ့်မယ်”

နောက်ကွယ်က ဆောင်ရွက်

အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ပြီးခဲ့တဲ့လတွေအတွင်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားတယ်လို့ မကြာသေးခင်က ထုတ်ပြောထားပါတယ်။

ဒါပေမယ့် ထင်သာမြင်သာတဲ့ ရလဒ်မျိုးတော့ မရခဲ့ပါဘူး။

“တိုးတက်မှုမရှိပေမယ့်လည်း ကျွန်မတို့ နောက်ဆုတ်သွားမှာ မဟုတ်ပါဘူး” လို့ မနေ့က အစည်းအ၀ေး အပိတ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အာဆီယံ အတွင်းရေးမှူး ကော်ကင်ဟွန်းက မြန်မာစစ်အာဏာရှင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အကြမ်းဖက်မှု ရပ်တန့်ရေးကို အခြေခံအချက်အဖြစ် စွဲကိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ခရီးတစ်ခုသွားတယ်ဆိုကြပါစို့။ ပထမ ပြေးသွားမယ်။ မပြေးနိုင်ရင် လမ်းလျှောက်မယ်။ မလျှောက်ရင် လေးဘက်သွားရပါမယ်။ အရှေ့ကိုသွားနေသမျှ တိုးတက်မှုပါပဲ”

မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဇမ်ဘရီ အဘ်ဒူလ် ကာဒရ်က မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက စိတ်နှစ်ထားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

“အဖွဲ့၀င်နိုင်ငံတိုင်းက ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုကို ရှာချင်ကြတာပါ”

****************************************************************
END / 251