အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ကာတာဟာ မကြာသေးမီကာလတွေအတွင်းအရှေ့အလယ်ပိုင်းမှာ စစ်ဘက်အင်အားပိုင်းတိုးမြှင့်လာတဲ့အခြေအနေတွေကို မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံရဲ့စစ်ဘက်အင်အား လည်း တိုးတက်လာခဲ့သလို လေတပ်အင်အားပိုင်းမှာလည်း တိုက်လေယာဉ် ၁၂စီးကနေ ၉၆စီးထိ တိုးမြှင့်လာခဲ့ပါတယ်။ ဒါ့အပြင်နိုင်ငံကာကွယ်ရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီသုံးစွဲပြီး ကြည်းတပ်နဲ့ ရေတပ်ကိုပါ တိုးချဲ့လာတာကိုမြင်တွေ့ခဲ့ရပါတယ်။
ပြည်ပကလူအများစုနေထိုင်တဲ့ ကာတာဟာ ပုံမှန်အားဖြင့်ပြည်တွင်းလုံခြုံရေးပိုင်းကိုသာ အာရုံစိုက်ခဲ့တာဖြစ်ပေမယ့် အိမ်နီးချင်းနိုင်ငံတွေ ရဲ့ဆက်ဆံရေးဖြတ်တောက် မှုတွေကြောင့် သူတို့ရဲ့စစ်တပ်ကို အင်အားတိုးချဲ့မှုတွေလုပ်ဆောင်ဖို့ ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ ကာတာဟာ အမေရိကန်ဗဟိုဌာနချုပ် ခေါ် CENTCOM အတွက် ကြီးမားတဲ့လေတပ်စခန်း အလ်အွဒီယက်ကိုပိုင်ဆိုင်ထားပါတယ်။ ဒီလေတပ်စခန်းမှာ တပ်ဖွဲ့ဝင် ၁သောင်းကျော်ဝင်ဆန့်သလို အရှေ့အလယ်ပိုင်းမှာ အမေရိကန်အတွက် အချက်အခြာနေရာတစ်ခုဖြစ်တာကြောင့် ကာတာဟာ အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်လာခဲ့ပါတယ်။
တူရကီကလည်း ထောက်ပံ့မှုတွေပေးထားပြီး ၂၀၁၆ခုနှစ်မှာ ကာတာနဲ့စည်းလုံးညီညွတ်ကြောင်းပြသတဲ့အနေနဲ့ ကာတာမှာ သူတို့ရဲ့စစ်ဘက်စခန်းတစ်ခုတည်ဆောက်ခဲ့သလို ကာတာရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တွေကိုလေ့ကျင့်သင်ကြားပေးဖို့ တူရကီကျွမ်းကျင်ပညာရှင်ရာနဲ့ချီစေလွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင်ကာတာဟာ တစ်ထီးတည်းမဟုတ်ကြောင်းနဲ့ ဒေသတွင်းမှာ အင်အားကြီးမားတဲ့မဟာမိတ်တွေရှိထားကြောင်းပါ အားပေးစကားပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံကြား စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးမြင့်လာနေခဲ့ပါတယ်။
သံတမန်ဆက်ဆံရေးဖြတ်တောက်ခံရချိန်ကာလတုန်းက ဆော်ဒီ ယူအေအီးတို့ရဲ့ကျူးကျော်နိုင်တဲ့အန္တရာယ်ကို စိုးရိမ်ပြီး ကာတာဟာ လက်နက်ဝယ်ယူရေးပရိုဂရမ်တွေကိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ကာတာစစ်တပ်ကဏ္ဍတိုးချဲ့မှုအားလုံးမှာ လေတပ်တိုးချဲ့မှုအကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ ကာတာလေတပ်မှာ ပြင်သစ်လုပ် အသံထက်မြန်မိုင်ရိတ်၂၀၀၀ တိုက်လေယာဉ်တွေနဲ့ အလ်ဖာလေ့ကျင့်ရေးလေယာဉ်တစ်ချို့ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၅ခုနှစ်မေလမှာ ဒိုဟာက ပြင်သစ်လေယာဉ်ကုမ္ပဏီ ဒါဆော့ဒ်ကနေ ရာဖေးတိုက်လေယာဉ်တွေဝယ်ယူဖို့ ဒေါ်လာ၆ဘီလီယံတန်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာလည်း နောက်ထပ် ၁၂စီးထပ်မှာယူခဲ့တာကြောင့် စုစုပေါင်း ၃၆စီးရှိထားပါတယ်။ ဒါ့အပြင် နောက်ထပ် ၃၆စီးထပ်မံဝယ်ယူဖို့ အခွင့်အရေးရှိနေပါသေးတယ်။
ရာဖေးတိုက်လေယာဉ်တွေဟာ နည်းပညာမြင့်မြန်နှုန်းမြှင့်တိုက်လေယာဉ်တွေဖြစ်ပြီး လမ်းကြောင်းလျင်မြန်စွာပြောင်းနိုင်တဲ့အမျိုးအစားဖြစ်သလို လက်နက်အများအပြားကိုလည်း တင်ဆောင်နိုင်ပါတယ်။ ကာတာဟာအဲဒီနေရာမှာတင်မရပ်ခဲ့ပဲ ၂၀၁၇ခုနှစ်မှာ အမေရိကန်ဘိုရင်းကုမ္ပဏီထုတ် နည်းပညာမြင့် F-15QA တိုက်လေယာဉ် ၃၆စီးကိုဝယ်ယူဖို့ ဒေါ်လာ၁၂ဘီလီယံတန်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ F-15QA အမျိုးအစားတိုက်လေယာဉ်ဟာ မြေပြင်အဝေးပစ်စွမ်းရည်မြှင့်တင်အထူးပြုထားတဲ့ တိုက်လေယာဉ်တွေဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်တွေဟာ လက်နက်အများအပြားသယ်ဆောင်နိုင်သလို ဆင်ဆာတွေကိုလည်းအဆင့်မြှင့်တင်ထားပါတယ်။
တစ်မူထူးခြားတဲ့လေတပ်အင်အားဖြစ်စေဖို့ ကာတာဟာ ၂၀၁၇ခုနှစ် စက်တင်ဘာမှာ ယူရိုဖိုက်တာတိုင်ဖုံးတိုက်လေယာဉ် ၂၄စီးဝယ်ယူဖို့ ဗြိတိန်နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။ အမေရိကန် ပြင်သစ် ဗြိတိန်တို့ကလည်း ကာတာပိုင်းလော့တွေကို လေ့ကျင့်သင်ကြားပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒါကြောင့်ကာလတိုအတွင်းမှာပဲ ကာတာလေတပ်မှာ တိုက်လေယာဉ် ၁၂စီးပဲရှိတာကနေ ၉၆စီးအထိတိုးမြင့်လာခဲ့ပြီး ဒေသတွင်းလေတပ်အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ဖြစ်လာခဲ့ပါတယ်။
ကြည်းတပ်တွေကိုတိုးချဲ့မှုတွေရှိသလို ကာတာဟာ သူတို့ရဲ့ရေတပ်အတွက် တိုက်ပွဲဝင်သင်္ဘောတွေကိုပါ တိုးချဲ့ခဲ့ပါတယ်။ နည်းပညာမြင့် ဂျာမန်လီယိုပတ် 2A7 တိုက်သင်္ဘော ၆၂စီးဝယ်ယူခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအမျိုးအစားဟာဈေးကွက်ထဲမှာ အကောင်းဆုံးတိုက်သင်္ဘောအမျိုးအစားပဲဖြစ်ပါတယ်။ ဒီသင်္ဘောတွေဟာ မြင့်မားတဲ့အပူချိန်နဲ့ သဲကန္တာရရဲ့သဲမုန်တိုင်းကြားမှာတောင် တိုက်ပွဲဝင်နိုင်အောင်စီမံဖန်တီးထားတဲ့သင်္ဘောတွေဖြစ်ပါတယ်။ ဒါ့အပြင် တူရကီအဓိကတိုက်သင်္ဘော ၁၀၀ကိုလည်းမှာယူထားပါတယ်။
ကာတာကြည်းတပ်အတွက်လည်း သံချပ်ကာတင့်ကားတွေ အထူးသဖြင့် ဂျာမနီကမှာယူခဲ့တဲ့ အမြှောက်တွေနဲ့ တရုတ်ကမှာယူခဲ့တဲ့ အနီးပစ်ဒုံးကျည်အမြှောက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မဟာတပ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ် ဒါ့အပြင်ကာတာဟာ ရုရှားကနေ S-400 လေကြောင်းကာကွယ်ရေးစနစ်ကိုလည်း ဝယ်ယူဖို့စိတ်ဝင်စားနေကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “How the Gulf crisis spurred Qatar to expand it’s military” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251