အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လာမယ့်နှစ်ရောက်ရင် မြန်မာနိုင်ငံမှာ လူဦးရေရဲ့ထက်ဝက်လောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်ကို ရောက်ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ကိုဗစ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေရာကနေ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စစ်ကောင်စီရဲ့ ပြည်သူအပေါ်အကြမ်းဖက်မှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ပြိုလဲလုနီးပါး ဖြစ်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ UNDP က၂၀၂၂ အစောပိုင်းရောက်ရင် မြန်မာနိုင်ငံက လူ ဦးရေ ထက်ဝက်နီးပါးဖြစ်တဲ့ ၂၅ သန်းလောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ရလိမ့်မယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်ရဲ့အခြေအနေဟာ ၂၀၀၅ ခုနှစ်တုန်းကပုံစံအထိ ပြန်ရောက်သွားနိုင်တယ်လို့ UNDP တာဝန်ရှိသူ အာချင် စတိုင်နာက ပြောကြားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
“လည်ပတ်နေတဲ့ ဒီမိုကရက်တစ် အသင်းအဖွဲ့တွေ မရှိဘူးဆိုရင် မျိုးဆက်တစ်ခုအတွင်း မမြင်ခဲ့ရဘဲ ရှောင်လွှဲလို့ရနိုင်တဲ့ ဆင်းရဲမွဲတေမှု အခြေအနေအဆီ ဝမ်းနည်းဖွယ် ပြန်ရောက်သွားတာမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်ရမှာပါ”
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA ကလည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်လာခဲ့ပြီး လာမယ့်သီတင်းပတ်တွေအတွင်း လူ ၃ သန်းလောက် စားနပ်ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့ရနိုင်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးခဲ့ပါတယ်။
*****************************************************************
END / 251
၃၀ ဧပြီ ၂၀၂၁ - ၁၈:၅၁
News ID: 1136445
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လာမယ့်နှစ်ရောက်ရင် မြန်မာနိုင်ငံမှာ လူဦးရေရဲ့ထက်ဝက်လောက် ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အောက်ကို ရောက်ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။