အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုဖျက်သိမ်းဖို့ အဆိုပြုလာတာနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂက တနင်္ဂနွေနေ့က ရှုတ်ချလိုက်ပါတယ်။
“ဒီအဆိုပြုတင်သွင်းချက်အတိုင်းကော်မရှင်က ဆက်လက်လုပ်ဆောင်မယ်ဆိုရင် စီစဉ်ထားတဲ့ဥပဒေလုပ်ငန်းစဉ်တွေနဲ့ မြန်မာပြည်သူလူထုရဲ့ဆန္ဒတွေကို အလေးထားခြင်းမရှိတာကိုစစ်အစိုးရကနောက်တစ်ကြိမ် ဗြောင်ပြသလိုက်တာပဲဖြစ်လာလိမ့်မယ်” လို့ အီးယူတာဝန်ခံကော်မရှင်ရဲ့ပြောခွင့်ရအမျိုးသမီး က ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမဲမသမာမှုတွေကျူးလွန်ခဲ့မှုအတွက် NLD ပါတီကိုဖျက်သိမ်းရလိမ့်မယ်လို့ စစ်ကောင်စီခန့်အပ်ထားတဲ့ အမျိုးသားရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဌ ဦးသိန်းစိုးက သောကြာနေ့ကပြောကြားခဲ့တာကို မီဒီယာတွေကအခိုင်အမာဖော်ပြခဲ့ပါတယ်။ မြန်မာစစ်တပ်က ရွေးကောက်ခံအရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး ဖေဖေါ်ဝါရီ၁ရက်နေ့မှာ စစ်အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။ NLD ပါတီဟာ ပြီးခဲ့တဲ့ သောင်းပြိုကမ်းပြိုနောက်တစ်ကြိမ်အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းတွေကိုကြိုးကိုင်ခြယ်လှယ်ခဲ့တယ်လို့ စွပ်စွဲပြီး စစ်တပ်က သူတို့ရဲ့အာဏာသိမ်းယူမှုကို ကာကွယ်ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စစ်တပ်ရဲ့စွပ်စွဲချက်တွေကို ရွေးကောက်ပွဲကော်မရှင်ကငြင်းဆန်ခဲ့သလို NLD ကလည်းသူတို့မျှမျှတတအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
NLD ပါတီရဲ့အနိုင်ရမှုနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပလွတ်လပ်တဲ့သုတေသီတွေရဲ့အတည်ပြုချက်ကို အီးယူကလည်းထပ်လောင်းထောက်ခံခဲ့ပါတယ်။ “ဖိနှိပ်မှုတွေနဲ့ အခြေအမြစ်မရှိအယောင်ဆောင် ဥပဒေလုပ်ငန်းစဉ်တွေဟာ စစ်အစိုးရရဲ့ တရားမဝင်အာဏာသိမ်းယူမှုအပေါ် ဥပဒေရေးအရတရားဝင်အာမခံချက်ရရှိစေနိုင်မှာမဟုတ်ပါဘူး” လို့ အီးယူကော်မရှင်ပြောခွင့်ရအမျိုးသမီးက ပြောကြားခဲ့ပါတယ်။ “မြန်မာပြည်သူလူထုရဲ့ဆန္ဒတွေကို ပယ်ဖျက်ဖို့နဲ့ နောက်ဆုံးရွေးကောက်ပွဲရလဒ်တွေကို ပြန်လည်ပယ်ဖျက်ဖို့ ကြိုးပမ်းမှုအားလုံးကို အီးယူကဆက်လက်ရှုတ်ချသွားမှာပါ” လို့ သူမကဆက်လက်ပြောကြားခဲ့ပါတယ်။
Reuters သတင်းဌာနပါ “EU denounces Myanmar junta’s electroral body plan to dissolve Suu Kyi party” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251