အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ပါလက်စတိုင်းလူထုအပေါ် ရက်စက်မှုတွေကျူးလွန်မှုတွေကြောင့် အစ္စရေးထုတ်ကုန်တွေအားလုံးကို ပိတ်ပင်တာအပါအဝင် အစ္စရေးနဲ့ဆက်ဆံရေးအားလုံးကို မော်လ်ဒိုက်က ဆိုင်းငံ့လိုက်ပါတယ်။
မော်လ်ဒိုက်ပြည်သူလူထုတစ်ရပ်လုံး ပါလက်စတိုင်းလူထုနဲ့အတူစည်းလုံးညီညွတ်စွာရပ်တည်ကြောင်း သမ္မတအီဘရာဟင်မ်မိုဟာမက်ဆိုလိဟ်က တွစ်တာကနေ ပြီးခဲ့တဲ့အပတ်တုန်းကပြောကြားခဲ့ပါတယ်။
“ရှိတ်ခ်ဂျာရာဟ်က ပါလက်စတိုင်းမိသားစုတွေကို အတင်းအဓ္ဓမနှင်ထုတ်မှုတွေ အလ်အာဆာဗလီဝန်းအတွင်း ဝတ်ပြုနေကြတဲ့မွတ်စလင်တွေကိုတိုက်ခိုက်မှုတွေနဲ့ အစ္စရေးဟာနိုင်ငံတကာဥပဒေတွေကို ဆက်လက်ချိုးဖောက်နေပါတယ် မော်လ်ဒိုက်အနေနဲ့ အစ္စရေးရဲ့လုပ်ရပ်တွေကိုရှုတ်ချသလို ပါလက်စတိုင်းပြည်သူလူထုနဲ့အတူ စည်းလုံးညီညွတ်စွာရပ်တည်ပါတယ်” လို့သမ္မတကတွစ်တာမှာရေးသားခဲ့ပါတယ်။
“မော်လ်ဒိုက်ရဲ့ရပ်တည်ချက်က ရှင်းပါတယ် တရားမမျှတမှုတွေကိုကျွန်တော်တို့ဆန့်ကျင်တဲ့ဘက်က ရပ်တည်ပါတယ် ဒါ့အပြင် ဖယ်ရှားခွဲခြားလို့မရတဲ့သူတို့ရဲ့နိုင်ငံထူထောင်ခွင့်အခွင့်အရေးနဲ့ပတ်သက်ပြီး ခက်ခဲရုန်းကန်နေရတဲ့ ပါလက်စတိုင်းပြည်သူလူထုနဲ့အတူ ကျွန်တော်တို့စည်းလုံးညီညွတ်စွာ ရပ်တည်ပါတယ်။” လို့ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်မာဘရွတ်ခ်အာဇိဇ်က ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
အစ္စရေးကုန်ပစ္စည်းတွေတင်ပို့မှုအပါအဝင် မော်လ်ဒိုက်နဲ့အစ္စရေးကြားဆက်ဆံရေးအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း သူကထပ်မံပြောကြားခဲ့ပါတယ်။ အစ္စရေးကုန်ပစ္စည်းတင်ပို့မှုတွေကို မော်လ်ဒိုက်မှာ ၂၀၁၄ခုနှစ်ကတည်းက ပိတ်ပင်ထားတာဖြစ်ပါတယ်။ အထူးဆေးဝါးပစ္စည်းတွေကိုသာ တင်သွင်းခွင့်ပြုထားတာဖြစ်ပြီး ဒီအတွက်အထူးခွင့်ပြုချက်ရရှိဖို့လိုအပ်ပါတယ်။ မကြာသေးမီက ပါလက်စတိုင်းကပဋိပက္ခတွေအတွင်း မော်လ်ဒိုက်လူထုက ပါလက်စတိုင်းကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ ကျွန်းဆွယ်နိုင်ငံတစ်ဝန်းလုံး ပါလက်စတိုင်းအလံအရောင်တွေအသုံးပြုပြီး သူတို့ရဲ့အားပေးထောက်ခံမှုကို ပြသခဲ့ကြပါတယ်။
အစ္စရေးတိုးရစ်တွေ မော်လ်ဒိုက်ကိုလာရောက်မှုမြင့်တက်လာတာနဲ့ပတ်သက်ပြီး ပိတ်ပင်ပေးဖို့ လူထုဆန္ဒပြမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ အစ္စရေးခရီးသွားလာရောက်မှုကို ပိတ်ပင်ဖို့တောင်းဆိုထားတဲ့ အဆိုပြုချက်ကို အတိုက်အခံပါတီဖြစ်တဲ့ မော်လ်ဒိုက်ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပါလီမန်ထဲအရေးပေါ်တင်သွင်းခဲ့ပါတယ်။ မော်လ်ဒိုက်ဟာ ၁၉၆၅ခုနှစ်မှာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၁၉၇၄ခုနှစ်မှာ သံတမန်ဆက်ဆံရေးဆိုင်းငံ့ခဲ့ပါတယ်။ ၂၀၀၉ခုနှစ် သမ္မတာမိုဟာမက်နာရှိဒ်လက်ထက်မှာတော့ မော်ဒိုက်ဟာ ခရီးသွားကဏ္ဍ ကျန်းမာရေး ပညာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ အစ္စရေးနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၁ မေလမှာ အဲဒီတုန်းကမော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အာမက်နာဆင်မ်ဟာ အစ္စရေးကိုသွားရောက်ခဲ့တဲ့ မော်လ်ဒိုက်ရဲ့ပထမဆုံးထိပ်တန်းတာဝန်ရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ခုနှစ် ဇူလိုင်မှာတော့ သမ္မတအဗ္ဗဒူလာယာမင်မ်လက်အောက်မှာတော့ မော်လ်ဒိုက်ဟာ အစ္စရေးနဲ့သဘောတူညီထားချက် အားလုံးကိုဖျက်သိမ်းခဲ့ပါတယ်။
5pillersuk သတင်းဌာနပါ “Maldives suspends all relations with Israel, boycotts all products” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251