၂၁ မေ ၂၀၂၄ - ၂၀:၂၆
မောင်တောတိုက်ပွဲတွင် စစ်ကောင်စီအထိနာ၊ မကြာခင် AA က သိမ်းနိုင်မည်ဟု သုံးသပ်

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီက အထိနာနေပြီး ရက္ခိုင့်တပ်တော်အနေနဲ့ မကြာခင်အပြီးသတ် သိမ်းပိုက်သွားနိုင်ခြေရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီက အထိနာနေပြီး ရက္ခိုင့်တပ်တော်အနေနဲ့ မကြာခင်အပြီးသတ် သိမ်းပိုက်သွားနိုင်ခြေရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ဘူးသီးတောင်မှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့မှာပဲ တခုမကျန်သိမ်းဆည်းခဲ့ပြီးတဲ့နောက် မောင်တောမြို့နယ်ကို ဆက်လက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

မြေပြင်သတင်းတွေအရ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရက္ခိုင့်တပ်တော်က ဆက်လက်အသာစီးရနေကာ ဘူးသီးတောင်ကိုလည်း ရရှိပြီးဖြစ်တာကြောင့် မောင်တောမြို့နယ်ကိုလည်း ရက္ခိုင့်တပ်တော်က မကြာခင် သိမ်းပိုက်သွားနိုင်လိမ့်မယ်လို့ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“၁၈ ရက်နေ့ကတည်းက ဘူးသီးတောင်မှာ တပ်ရင်းတပ်ဖွဲ့တွေရော မြို့ကိုရော AA ဘက်က သိမ်းပြီးတော့ အခု မောင်တောဘက်မှာတော့ တိုက်ပွဲတွေပြင်းထန်နေတာပေါ့နော်။ မြေပြင်သတင်းတွေအရ AA က အသာစီးရနေတယ်။ စခန်းတွေ တခုပြီးတခု သိမ်းဖို့ရှိနေတယ်လို့ ကျနော်တို့ သတင်းရတယ်။ သူလည်း သိပ်မကြာလောက်ဘူး။ လွန်ရောကျွံရော တပတ်ပေါ့။ အဲဒီအတွင်းမှာတော့ ကျသွားနိုင်တယ်လို့ ကျနော်တို့ကတော့ ခန့်မှန်းပါတယ်။"

မောင်တောကို ရရှိပြီးရင်တော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA က အပြည့်အဝထိန်းချုပ်သွားနိုင်မှာဖြစ်သလို ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်းက ထိန်းချုပ်နယ်မြေတွေဟာ တဆက်တည်းဖြစ်သွားမှာပါ။

မောင်တော်မြို့နယ်ထဲမှာ နယ်စပ်စည်းမျဉ်းအရ စစ်တပ်မရှိပေမဲ့လည်း ရှိနေတဲ့ နယ်ခြားစောင့်တပ်တွေဟာ စစ်တပ်ကနေ အသွင်ပြောင်းလာသူတွေဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

တိုက်ပွဲတွေမဖြစ်ခင်ကတည်းက မောင်တောမှာ နယ်ခြားစောင့်တပ်က တပ်မ ၂ မစာရှိနေပြီး ထွက်ပြေးသူတွေရှိပေမဲ့ အများအပြားကျန်နိုင်သေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရက္ခိုင့်တပ်တော်အနေနဲ့ အပြင်းအထန်ကြိုးစားရဖို့ရှိပြီး မိုးမကျခင်မှာ သိမ်းပိုက်ရရှိနိုင်တယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ပါတယ်။

“ကျနော်ရခိုင်မှာ နေခဲ့ကတည်းက AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်ရော၊ ဟိုဘက်က မိတ်ဝ ဟိုဘက်က အကျော်အထိ သုံးနိုင်ငံနယ်စပ်အထိ ထိန်းချုပ်ထားချင်တဲ့ပုံစံရှိခဲ့တယ်။ အဲ့တော့ ရတော့ရမှာပါ။ ဒါပေမယ့် ကြိုးစားကြရဉီးမှာပါ။ ချရဦးမှာပေါ့။ မိုးမကျခင်တော့ ရသွားမှာပါ။"

ဒါ့အပြင် အမ်းနဲ့ သံတွဲဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

ရက္ခိုင့်တပ်တော် (AA) က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်တို့နဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
.......................................................
END / 251