၁၉ မေ ၂၀၁၅ - ၁၉:၂၄
အင်ဒိုနီးရှားရောက် လှေစီးဒုက္ခသည်များတွင် မြန်မာနိုင်ငံက ၄၃ ဦးပါဝင်

ပြီးခဲ့တဲ့ ရက်ပိုင်းက လှေစီးဒုက္ခသည် ၈၀၀ ရာလောက် အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းကို ရောက်လာခဲ့တာဖြစ်ပြီး ဒီအထဲက ၉၆ ယောက်ကို မေလ၁၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက မင်ဒန်လူဝင်မှုကြီးကြပ်ရေးဌာနကို ပို့ဆောင်လိုက်တာပါ။

အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အင်ဒိုနီးရှားနိုင်ငံကို ခိုလှုံရောက်ရှိနေတဲ့ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံကလာသူ ၄၃ ယောက်ပါတယ်လို့ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေး အရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လှေစီးဒုက္ခသည် ၈၀၀ ရာလောက် အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းကို ရောက်လာခဲ့တာဖြစ်ပြီး ဒီအထဲက ၉၆ ယောက်ကို မေလ၁၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက မင်ဒန်လူဝင်မှုကြီးကြပ်ရေးဌာနကို ပို့ဆောင်လိုက်တာပါ။

ဒီအထဲမှာ မြန်မာနိုင်ငံက လာသူတွေလည်း ပါလာတဲ့အကြောင်း အင်ဒိုနီးရှား လူဝင်မှု ကြီးကြပ်ရေးအရာရှိက မစ္စတာ လီလစ်က “သူတို့ ၉၆ ယောက်ရှိတယ်။ ၅၃ ယောက်က ဘင်္ဂလားဒေ့ရှ် နောက် ၄၃ ယောက်က မြန်မာနိုင်ငံသားတွေဖြစ်တယ်။ ရိုဟင်ဂျာတွေပေါ့။ လတ်တလောစစ်ဆေးချက်တွေအရ သိထားပါတယ်။ သူတို့မှာ အထောက် အထားတော့ မရှိပါဘူး။ သူတို့ကိုထပ်ပြီး စစ်ဆေးဖို့ လိုပါသေးတယ်။ ဂျာကာတာမှာရှိတဲ့ သူတို့ရဲ့ နိုင်ငံတွေက သက်ဆိုင်ရာကိုယ်စားလှယ်တွေကိုလည်း ဆက်သွယ်ရဦးမယ်”လို့ ပြောပါတယ်။



လှေစီးဒုက္ခသည် တဦးကလည်း “ကျနော်တို့ မြန်မာကလာတာပါ။ မြန်မာကနေပြီး အင်ဒိုနီးရှားကို ရောက်လာတယ်။ ၁ ယောက် သေပြီး ဒီကို ၄၃ ယောက်ရောက်လာတယ်”လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ လှေစီးဒုက္ခသည်ပေါင်း ၂၅၀၀ ကျော်လောက်ကို လက်ခံထားပါတယ်။



ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ အခုနှစ် ၃ လပတ်အတွင်းမှာ ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်ပြီး ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည်ပေါင်း ၂သောင်းခွဲ လောက်ရှိပြီး ဒီပမာဏဟာ မနှစ်က ဒီလိုအချိန်ထက် ၂ဆ ပိုများတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာ နိုင်ငံသား မှန်ကန်ကြောင်းအထောက်အထား ပြနိုင်ပါက လိုအပ်တဲ့ ကာကွယ်စောင့်ရှောက် မှုတွေ လုပ်ပေးသွားမယ်လို့ မနေ့က ရန်ကုန်မှာ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံပြောကြားခဲ့ပါတယ်။

လတ်တလော အာဆီယံဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ လှေစီးဒုက္ခသည်အရေး ဖြေရှင်းနိုင်ဖို့ လာမယ့် ၂၉ ရက်နေ့ကြရင် ဘန်ကောက်မှာ ညီလာခံ တခုကျင်းပဖို့ ထိုင်းအစိုးရက စီစဉ်နေပြီး မြန်မာအပါအ၀င် နိုင်ငံ ၁၀ ကျော်ကို ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
++++++++++++++++++++++
251/ End