၂၇ ဇန်နဝါရီ ၂၀၁၆ - ၂၀:၂၈
ကုစားမှုမရှိတော့သည့် စတုတ္ထနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲ

ယခုပညာသင်နှစ်တွင် ကျောင်းပြင်ပစစ်စာမေးပွဲစနစ်ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့်အဋ္ဌမတန်း အတန်းတင်စာမေးပွဲများ၌ ကုစားစာမေးပွဲမရှိကြောင်း အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ဇန်နဝါရီလအတွင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်က ကျောင်းပြင်ပစစ်စာမေးပွဲ ဖြေဆိုခဲ့သော ကျောင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နစ်ကီ)



ယခုပညာသင်နှစ်တွင် ကျောင်းပြင်ပစစ်စာမေးပွဲစနစ်ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့်အဋ္ဌမတန်း အတန်းတင်စာမေးပွဲများ၌ ကုစားစာမေးပွဲမရှိကြောင်း အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ ဇန်နဝါရီလအတွင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။
    
ထို့ကြောင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသူ၊ ကျောင်းသားများသည် အတန်းတင်စာမေးပွဲတွင် ကျရှုံးပါက ထပ်မံဖြေဆိုနိုင် မည့်အခွင့်အရေးရှိတော့မည် မဟုတ်ဘဲ တစ်ကြိမ်တည်းဖြင့် အောင်မြင်အောင် ကြိုးစားကြရမည်ဖြစ်သည်။
    
အဆိုပါ ညွှန်ကြားချက်ကို ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သောကြောင့် ဖေဖော်ဝါရီအတွင်း အတန်းတင်စာမေးပွဲ ဖြေဆိုကြရမည့်
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိခဲ့ပြီး သင်ကြားပေးသည့် ဆရာ၊ ဆရာမများသည်လည်း
ဝေဝါးမှုများ ဖြစ်ပေါ်ခဲ့သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်းသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများသည် ကျောင်းသူ၊ ကျောင်းသားများကို ယမန်နှစ်မေးခွန်းဟောင်းများကိုပါ ပြန်လည်လေ့ကျင့်သင်ကြားပေးထားကြောင်း ပြောသည်။
    
‘‘မနှစ်က အကျများသွားတယ်ဆိုတာ ကလေးတွေက ဒီလိုစာမေးပွဲမျိုးကို မဖြေခဲ့ဖူးလို့ အတွေ့အကြုံမရှိတာကြောင့်လို့ မြင်တယ်။ ဒီနှစ်ကျတော့ နှစ်စကတည်းက ကလေးတွေကို အသေအချာ ဖိဖိစီးစီးသင်ကြားပေးထားတယ်။ ကလေးမိဘတွေကိုလည်း သတိပေးထားတယ်’’ ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ မူလတန်းပြဆရာမတစ်ဦးကပြောသည်။
    
ကျောင်းပြင်ပစစ်စာမေးပွဲဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအတန်းတင်စာမေးပွဲများကိုကုစား စာမေးပွဲမထားရှိတော့သောကြောင့် အမှန်တကယ်တတ်မြောက်သည့် ကျောင်းသူ၊ ကျောင်းသားများသာ တစ်ဆင့်မြင့်အတန်းသို့ ရောက်ရှိနိုင်မည့် အခွင့်အလမ်းကိုရရှိနိုင်မည်ဖြစ်သကဲ့သို့ ကျောင်းသားနှင့် ကျောင်းသားမိဘများ စာမေးပွဲအပေါ် အလေးထားအာရုံစိုက်မှု ပိုမိုလာမည်ဟု ဆရာ၊ဆရာမများက ခန့်မှန်းထားသည်။
    
‘‘ဒီလိုကုစားမှုမရှိတော့ဘူးဆိုတော့ ကျောင်းသားနဲ့ မိဘတွေ စာမေးပွဲကို ပိုပြီးအလေးထားလာမယ်။ အရင်ကဆို လေးလပိုင်း ကုစားမှုရှိတယ်ဆိုပြီးတော့ သိပ်အလေးမထားကြဘူး။ အခုဧပြီလမှာထွက်မယ့် အောင်စာရင်းက အတည်ဖြစ်မယ်ဆိုတော့ ဆရာမ အနေနဲ့ ပိုသဘောကျတယ်။ ကလေးတွေကိုလည်း အရင်ကထက်ပိုပြီးတော့ ဖိဖိစီးစီးသင်ပေးထားတယ်။ အကုန်အောင်မယ်လို့ ထင်တယ်။ ကျတယ်ဆိုရင်တောင် မနှစ်ကလို ဆိုးဆိုးရွားရွားကြီး ကျမှာမဟုတ်ဘူး’’ဟု ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့မှ အလယ်တန်းပြ ဆရာမတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
    
ကျောင်းပြင်ပစစ်စနစ်ဖြင့် ဖြေဆိုကြရမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသူ၊ ကျောင်းသားများကို အခြားအတန်းများထက် ပိုမိုဂရုစိုက်၍ သင်ကြားပေးကြောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အထက်တန်းကျောင်းအုပ်ဆရာမကြီးက
ပြောသည်။
    
‘‘အဓိကက မနှစ်ကမေးခွန်းဟောင်းတွေကို လေ့လာထားတယ်။ ကျောင်းမှာလည်း အသေအချာ သင်ပေးတယ်။ အိမ်မှာလည်း ပြန်လေ့လာတယ်’’ ဟု ကမာရွတ်မြို့နယ်နေ အဋ္ဌမတန်းကျောင်းသား မောင်ကျော်ကျော်ကပြောသည်။
    
အခြေခံပညာကဏ္ဍတွင် အတန်းစဉ်အလိုက် တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင်လာခဲ့ကြပြီးနောက် ယခုကဲ့သို့ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတွင် ကျောင်းပြင်ပစစ်စနစ်ကို ကျင့်သုံးလိုက်သည့်အခါ အတန်းငယ်များတွင် ကျောင်းထွက်နှုန်း ပိုမိုမြင့်တက်လာနိုင် ကြောင်း ပညာရေးအသိုင်းအဝိုင်းက ခန့်မှန်းကြသည်။
    
‘‘ကလေးတွေက အောက်ခြေမှာမခိုင်ဘဲနဲ့ လေးတန်းမှာ စာမေးပွဲထစစ်လိုက်တော့ ကလေးတွေ နစ်နာသွားတယ်။ အခြေအနေတစ်ခု ပြောင်းလဲမယ်ဆိုရင် အရှိန်ယူပြီးတော့မှ တစ်ဆင့်စီ၊ တစ်ဆင့်စီ ပြောင်းလဲရမယ်။ အဲဒါကို တစ်ခါပြောင်းပစ်လိုက်ရင်တော့ ကလေးတွေ နစ်နာသွားမယ်’’ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိ
တစ်ဦးကပြောသည်။
    
ကျောင်းပြင်ပစစ်စာမေးပွဲစနစ်ကို ဒုတိယအကြိမ်အဖြစ်ကျင့်သုံးမည့် ယခုပညာသင်နှစ်တွင် ကျောင်းသူ၊ ကျောင်းသားများ
လေ့လာနိုင်ရန် အကြိုစာမေးပွဲကို ဒီဇင်ဘာ၌ ကျင်းပခြင်းမရှိခဲ့ဘဲ လပတ်စာမေးပွဲများသာ သက်ဆိုင်ရာကျောင်းအလိုက် ကျင်းပခဲ့သည်။
    
ထို့ကြောင့် ယခုပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသူ၊ ကျောင်းသားများသည် စာစစ်ဌာနများခွဲ၍ ဖြေဆိုရမည့် ကျောင်းပြင်ပစစ်စာမေးပွဲကို အတန်းတင်စာမေးပွဲရောက်မှသာ ဖြေဆိုကြရတော့မည်ဖြစ်သည်။
    
အခြေခံပညာကျောင်းများတွင် ကျောင်းပြင်ပစစ်စနစ်ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်းနှင့်အဋ္ဌမတန်း အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။
    
စတုတ္ထတန်းစာမေးပွဲကို သက်ဆိုင်ရာခရိုင်ပညာရေးမှူး ဦးဆောင်သည့် စာစစ်အဖွဲ့နှင့် အဋ္ဌမတန်းစာမေးပွဲကို
ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးဦးဆောင်သည့်စာစစ်အဖွဲ့က မေးခွန်းများပြုစု၍ စစ်ဆေးမည်ဖြစ်သည်။
    
စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲအောင်စာရင်းကို အဆင့်သတ်မှတ်ချက် (Grade) များဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ စာမေးပွဲ၏ စုစုပေါင်းရမှတ်များကို ဖြေဆိုရမည့် ဘာသာခြောက်ခုဖြင့်စားကာ ရရှိလာသည့် ရမှတ် ၁၀၀ မှ ၈၀ မှတ်ကို Grade A၊ ရမှတ် ၇၉ မှတ် မှ ၆၀ မှတ်ကို Grade B၊ ရမှတ် ၆၉ မှတ်မှ ၄၀ မှတ်ကို Grade C နှင့် ရမှတ် ၃၉ မှတ်အောက်ကို Grade D အဖြစ် သတ်မှတ်ခဲ့ပြီး ရမှတ် ၃၉ မှတ်အောက် ရရှိသည့် ကျောင်းသားသည်ကျရှုံးသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။
    
၂၀၁၄-၁၅ ပညာသင်နှစ်မှ စတင်ခဲ့သည့် ကျောင်းပြင်ပစစ်စာမေးပွဲမေးခွန်းများသည် ယခင်ကျောင်းတွင်းစစ်ဆေးသည့် အခန်းဆုံးစာမေးပွဲများနှင့်မတူဘဲ မေးခွန်းပုံစံများကို အဆင့်မြှင့်ထားသောကြောင့် ဖြေဆိုသည့်ကျောင်းသူ၊
ကျောင်းသားများ ဖြေဆိုရာ၌ အခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။
    
ကျောင်းပြင်ပစစ်စာမေးပွဲစနစ် စတင်ကျင့်သုံးသော ပြီးခဲ့သည့်ပညာသင်နှစ်တွင် စတုတ္ထတန်းအောင်ချက် ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းကျော်နှင့် အဋ္ဌမတန်းအောင်ချက် ၅၄ ဒသမ ၁၁ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး  ပြည်နယ်များ၌အကျအရှုံး ပိုမိုများပြားခဲ့ကြောင်း အခြေခံပညာဦးစီးဌာနစာရင်းများအရ သိရသည်။
    
ထို့ကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်ဒေသများတွင် အကျအရှုံးနည်းပါးစေရန် သက်ဆိုင်ရာဒေသ၏ ပညာရေးအဆင့်နှင့်လိုက်လျောညီထွေရှိသည့် မေးခွန်း၊ အမှတ်ပေးစည်းမျဉ်းများကို အသုံးပြု၍ မေးခွန်းထုတ်
စစ်ဆေးနိုင်ကြောင်း အခြေခံပညာအသိုင်းအဝိုင်းက သုံးသပ်သည်။
    
ကုစားစာမေးပွဲမရှိတော့ခြင်းကြောင့် စတုတ္ထတန်းနှင့်အဋ္ဌမတန်း ကျောင်းသူ၊ ကျောင်းသားများအတွက် စိန်ခေါ်မှုဖြစ်လာမည်ဖြစ်ပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့သက်ရောက်မှုရှိမည်ကို
စောင့်ကြည့်ရမည်ဖြစ်သည်။


======================================

251/End