အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့ NLD ရုံးချုပ်တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနား။ (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)
အမျိုးသားဒီမုီုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရ ဖြစ်လာချိန်တွင် ပြည်တွင်းစစ်ဖြစ်ပွားနေမှုများနှင့် ပဋိပက္ခများ အပြီးသတ်ရပ်ဆိုင်းစေရမည်ဟု အမျိုးသား ဒီမိုကရေစီပါတီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦး က ပြောကြားလိုက်သည်။
ယနေ့ကျရောက်သည့် ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်တွင် ကျင်းပပြီးနောက် ဧရာဝတီသတင်းဌာနနှင့်တွေ့ဆုံစဉ် ဦးတင်ဦး က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဘာလို့မရပ်ရမှာလဲ ပဋိပက္ခတွေ အားလုံးရပ်ကိုရပ်ရမယ်။ ပင်လုံစာချုပ် ချုပ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ အခုချိန်ထိ ပြည်တွင်းစစ်တွေဖြစ်နေတုန်းပဲ။ ဒါတွေက အရုပ်ဆိုးစေတယ်”ဟု ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။
NLD အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး မူဝါဒ ကို လက်ကိုင်ထားကာ အစိုးရ အဖွဲ့များတွင် တိုင်းရင်းသားများကို ပါဝင်လာစေခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရန်အတွက် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ပြန်သော NLD ကြေညာချက်တွင် ထုတ်ပြန်ကြေညာသွားသည်။
လက်ရှိတွင် ပါတီအနေဖြင့် အမျိုးသားရင်ကြားစေ့ရေး မူဝါဒ အဖြစ် ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီး လွှတ်တော်များမှအစ အစိုးရအဖွဲ့ ဖွဲ့စည်းရေးပါမကျန် တိုင်းရင်းသားများ၊ ယှဉ်ပြိုင်ဖက် အဖွဲ့အစည်းများ နှင့် တပ်မတော်သားများ၊ အခြားအရည်အချင်းပြည့်ဝသူများ၊ ပညာရှင်များအားလုံး ပူးပေါင်းပါဝင်နိုင်ရေး ကို အဓိက မူတခု အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည် ဟုသိရသည်။
NLD သည် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်စေရေး ကြိုးပမ်းနေပြီး သမ္မတဖြစ်ကိုဖြစ်ရန် ရည်ရွယ်ထား ပြီးဖြစ်ကြောင်း၊ အချိန်အားဖြင့် ထုတ်ဖော်မပြောနိုင်သေးသော်လည်း ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း ယနေ့ အခမ်းအနားတွင် ထပ်မံပြောကြားသွားသည်။
ယနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦး၊ ဦးဥာဏ်ဝင်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်များ နှင့် ပါတီဝင်များ စွာတက်ရောက်ခဲ့သည်။
==================================
251/End