အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
“တိုင်းရင်းသားဆို တို့ပင်လုံ ပြန်ဆုံဖို့အရေး Welcome ပဲ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး” “ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး” ဓနု တိုင်းရင်းသား လူငယ်တွေရဲ့အတိုင်အဖောက်ညီညီ အားမာန်အပြည့်နဲ့ သံချပ်ထိုးသံက ကျောက်တိုင်ကွင်း တကွင်းလုံး လျှံထွက်လို့နေပါတယ်။
စင်အောက်က အားပေးနေသူများကလည်း သံချပ်ထိုးသံနဲ့အတူ ဟန်ချက်ချက်ညီညီ လက်ခုပ်တီးလိုက်ဆိုရင်း စင်ပေါ်စင် အောက် အပေးအယူမျှနေတဲ့မြင်ကွင်းက ကြည်နူးပျော်ရွှင်စရာပါ။
ဒီမြင်ကွင်းကတော့ သမိုင်းဝင်ပင်လုံမြေမှာ ခေတ်သစ်သမိုင်းသစ်ကို ရေးကြမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူ ငယ် များ ညီလာခံကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား လူငယ်တွေရဲ့ ရိုးရာယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် တတိယ မြောက် ညပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ပင်လုံမြို့ ကျောက်တိုင်ကွင်း မှာ ဇူလိုင် ၂၇ ကနေ ၃၁ ရက်အထိ ၅ ရက် ကျင်းပဖို့ စီစဉ်ခဲ့ကြပေမယ့် လူငယ်တွေရဲ့အားကောင်းတဲ့ ဆွေးနွေးမှုတွေ၊ တက်ရောက်လာသူတွေရဲ့တောင်းဆိုမှုတွေကြောင့် ၁ ရက် ထပ်တိုးခဲ့ရပါတယ်။
ဒီလို ညီလာခံ ဖြစ်မြောက်လာဖို့ သူတို့တွေ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကြိုးပမ်းခဲ့ကြတာဖြစ်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အခုမှ အကောင်အထည် ဖော်နိုင်ကြတယ်လို့ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်တွေက ပြောပြကြပါ တယ်။
ညီလာခံ အစရက်ပိုင်းတွေမှာ ဗမာတိုင်းရင်းသားတွေနဲ့ တခြား တိုင်းရင်းသားတွေကြား အတိတ်ရဲ့အရိပ်မည်းကြောင့် နား လည်မှု လွဲမှားခဲ့တာလေးတွေ၊ ဆက်ဆံရေး ပြေပြစ်မှု မရှိခဲ့တာလေးတွေ ဖြစ်ခဲ့ရတယ်လို့ ညီလာခံ တက်ရောက်ခဲ့ကြတဲ့ ဗမာတိုင်းရင်းသား လူငယ်တွေက ဆိုပါတယ်။
“တခြား တိုင်းရင်းသားတွေရဲ့ လူမျိုးရေးစိတ်ကြီးမားမှု ခေတ်အဆက်ဆက်ရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အခြေခံပြီး ဗမာတွေ ကို ဆက်ဆံတာကလည်း ကျနော်တို့အတွက် အခက်အခဲပါပဲ”လို့ ညီလာခံတက်ရောက်တဲ့ ဗမာတိုင်းရင်းသား လူငယ်တဦး ဖြစ်သူ ကျော်ကိုရှိန်က ပြောပြပါတယ်။
ဒီလို အခြေအနေတွေကြောင့် ဗမာလူငယ် ကိုယ်စားလှယ်တွေ အနေနဲ့ ဗမာလူမျိုးနဲ့ အာဏာရှင်ကို ခွဲခြားသိမြင်နိုင်ဖို့ ဆိုပြီး သဘောထား ထုတ်ပြန်ချက်တစောင်ကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအခြေအနေက ရောက်ခါစ ၃ရက်လောက်ပါပဲ။ နောက်ပိုင်း ဗမာလူငယ် ကိုယ်စားလှယ်တွေကို နားလည်သွား တာနဲ့အလျောက် အားလုံးနဲ့ အဆင်ပြေပြေဖြစ်သွားရုံမက ခင်လိုက်ချစ်လိုက်ကြတာမှ နှုတ်ဆက်လို့ကို မပြီးတော့ဘူးလို့ ဗမာ လူငယ်တွေက ၀မ်းသာပီတိဖြစ်စွာနဲ့ ပြောပြကြပါတယ်။
ဇူလိုင် ၂၉ ရက် ဗမာတိုင်းရင်းသား လူငယ်တွေ စာတမ်းဖတ်တဲ့နေ့မှာ ဗမာလူငယ်တွေအနေနဲ့ တခြားတိုင်းရင်းသားတွေရဲ့ နှလုံးသားကို လှုပ်ခတ်စေတဲ့ အပြုအမူတခုကို အမှတ်မထင် ပြုလုပ်ခဲ့ကြပါတယ်။
စာတမ်းဖတ်ကြားနေစဉ်မှာ ခေတ္တရပ်နားပြီး ဗမာလူငယ် ကိုယ်စားလှယ်တွေအနေနဲ့ စစ်အာဏာရှင်တွေကြောင့် ခေတ် အဆက်ဆက် ထိခိုက်ခံစားခဲ့ရတဲ့ တိုင်းရင်းသားတွေနဲ့ ထပ်တူခံစားရသလို အတူတကွရှိနေပါတယ် ဆိုတာကို လက်ချင်း ချိတ် ဦးညွတ်အလေးပြု ထုတ်ဖော်ပြသခြင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရယူနိုင်ခဲ့ကြပါတယ်။
ဒါဟာ ဗမာလူငယ်တွေရဲ့ အင်မတန်လူသားဆန်ပြီး အင်အားကြီးလှတဲ့ သတ္တိရှိတဲ့ အပြုအမူတခုဖြစ်ပါတယ်။ တခြားတိုင်း ရင်းသားလူငယ်တွေလည်း ဗမာလူငယ်တွေပြခဲ့တဲ့ တာဝန်ယူ၊ တာဝန်ခံတတ်မှု နမူနာကောင်းကို ယူပြီး နာကျင်စရာတွေ ကို ကျော်လွှားနိုင်ကာ အမှန်တရားကိုမြတ်နိုးတဲ့ တရားမျှတတဲ့ လူဘောင်တရပ်ကို ၀ိုင်းဝန်း တည်ဆောက်နိုင်ဖို့ ရောင်နီ ပျိုးလိုက် ခြင်းပါပဲ။
“ဗမာလူမျိုးကြီးဝါဒ ရှိတယ်ဆိုတာကို အကုန်လုံးက သိတယ်။ သို့သော် အဲဒီလူမျိုးကြီးဝါဒကို ကျင့်သုံးနေတဲ့သူတွေက လူ နည်းစုဖြစ်တယ်ဆိုတာကို ဒီညီလာခံကနေ တော်တော်များများက သဘောပေါက်သွားတယ်လို့ ယုံကြည်တယ်”လို့ Facilitator အဖြစ် လာရောက်သူ ချင်း အမျိုးသားတဦးဖြစ်တဲ့ ဆလိုင်းအောင်မင်းက မှတ်ချက်ပြုပါတယ်။
ညီလာခံကို မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်ကနေ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၂၆ မျိုးမှ ကိုယ်စားလှယ်ပေါင်း ၅၀၀ ကျော် တက်ရောက်ကြပြီး စာတမ်း ၂၂ စောင်ကို အသီးသီး ဖတ်ကြားတင်သွင်းခဲ့ကြပါတယ်။
ညီလာခံကြီးပြီးတဲ့အချိန် တိုင်းရင်းသား အားလုံးရဲ့ဘုံသဘောတူညီမှုတွေကို စုစည်းလိုက်တဲ့အခါမှာတော့ အမျိုးသားတန်း တူရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစရှိတဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၇ ရပ် ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်တွေကို တိုင်းရင်းသားတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးကို ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို ညီလာခံအပြီး သြဂုတ် ၁ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
“ကိုယ်တဦးတည်း ဖြစ်နေတဲ့ပြဿနာကို ကိုယ်ဦးစားပေးပြီး ဖြေရှင်းတာထက်စာရင် ကိုယ်ဖြစ်နေတဲ့ ပြဿနာကလည်း တခြားလူဖြစ်နေတဲ့ပြဿနာနဲ့ တူညီတယ်။ ဒါကြောင့် ဘုံတူညီတဲ့ပြဿနာဖြစ်မှုကို ၀ိုင်းဝန်းဖြေရှင်းနိုင်တဲ့ အလေ့အကျင့်မျိုး ကို ဖော်ဆောင်ပြီး အလုပ်လုပ်သွားတာမျိုး ဖြစ်စေချင်ပါတယ်”လို့ ပအို့ဝ်တိုင်းရင်းသား လူငယ်တဦးဖြစ်သူ ခွန်ဦးက ပြောပါ တယ်။
တိုင်းရင်းသား လူငယ်တွေအနေနဲ့ မကြာမီ ပြုလုပ်တော့မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ဟာ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်သင့်သလို လူငယ်တွေ ပါဝင်သင့်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။
အစိုးရသစ်က နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးအဖြေရှာနိုင်မယ့် အခင်းအကျင်းကို ဖော်ဆောင်နိုင်ဖို့အတွက် ၂၁ ရာစုပင် လုံညီလာခံကို ပြုလုပ်ဖို့ စီစဉ်လျက်ရှိသလို တိုင်းရင်းသားတွေဘက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံဖော်သွား နိုင်မယ့် ဘုံသဘောထားတွေကို သဘောတူချမှတ်သွားနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ မိုင်ဂျာယန် အစည်းအဝေးကို ဇူလိုင် ၂၆ ကနေ ၃၀ အထိ ပြုလုပ်ခဲ့ကြပါတယ်။
၂၁ ရာစုပင်လုံရဲ့ Frame work မှာ လူငယ်တွေအတွက် သီးသန့်နေရာပေးထားတာ မရှိပေမယ့် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် ဒီညီလာခံရဲ့အမြင်သဘောထားတွေကို ယူ ဆောင်သွားနိုင်မယ်လို့လည်း တိုင်းရင်းသားလူငယ်တွေက ယုံကြည်နေကြပါတယ်။
ငြိမ်းချမ်းရေးလို့ ဆိုလိုက်တာနဲ့ လက်နက်ကိုင်အဖွဲ့ အချင်းချင်း အပစ်အခတ် ရပ်စဲတာတွေကိုချည်း ဆိုလိုတာ မဟုတ်ဘဲ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကြား အချင်းချင်းနားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့အတူ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဟာလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်လို့ ပြောဆိုနေကြပေမယ့် ဘာလူမျိုးတွေရှိပြီး ဘယ်လိုယဉ်ကျေးမှုတွေ ရှိတယ်၊ ဘယ်လိုပြဿနာ အခက်အခဲတွေ ရှိနေတယ်ဆိုတာ မသိကြဘဲ အချင်းချင်းကြား နားလည်မှုလွဲနေကြရတဲ့ အဖြစ်ပါ။
လူငယ်တွေ ဦးဆောင်လုပ်ခဲ့တဲ့ ဒီညီလာခံကြီးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင် အားနည်းချက်ကလေးတွေရှိခဲ့ပေမယ့် တက် ရောက်လာတဲ့ တိုင်းရင်းသားလူငယ်အားလုံး နားလည်မှုရှိရှိနဲ့ အရာရာကို ကျော်ဖြတ်သွားနိုင်ပြီး ညီလာခံကို အောင်မြင်စွာ ကျင်းပ သွားနိုင်တယ်ဆိုတာ တွေ့ရမှာပါ။
“အများအားဖြင့် နားမလည်မှု၊ တယောက်ကို တယောက် ယုံကြည်မှုမရှိတာနဲ့ဘဲ ပြဿနာတက်နေကြတယ်။ အဲဒီအတွက် ဒီလိုဆုံစည်းခြင်းအားဖြင့် သူ့ပြဿနာ၊ ကိုယ့်ပြဿနာတွေ သိပြီး တယောက်ရဲ့လိုအပ်ချက်ကို တယောက်နားလည်ဖြည့် ဆည်းနိုင်တဲ့အတွက် ဒီညီလာခံဟာ အများကြီး အထောက်အကူပြုတယ်လို့ ယုံကြည်တယ်” လို့ ရှမ်းတိုင်းရင်းသားလူငယ် နန်းဆိုင်လောဝ်က ဆိုပါတယ်။
သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့မြေ၊ စုစည်းမှုကို ပြသခဲ့တဲ့ပင်လုံမြေမှာ “တိုင်းရင်းသား လူငယ်များ ညီညွတ်ခြင်းမှ ဖက်ဒ ရယ် ပြည်ထောင်စုဆီသို့” ဆိုတဲ့ ရည်မှန်းချက်နဲ့ လာရောက်ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံဟာ ပင်လုံသမိုင်းကို အသက်ပြန်ဝင်စေခဲ့ပါတယ်။
သမိုင်းဝင် ပင်လုံမြေပေါ်က တိုင်းရင်းသား လူငယ်များ ညီလာခံဟာ ဗမာအပါအ၀င်ဖြစ်တဲ့ တိုင်းရင်းသား အားလုံးအတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ပြန်တည်ဆောက်နိုင်ဖို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံးကို အချက် ပေး ခေါင်းလောင်း ထိုးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ။
===================
251 / End