အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်တွင်း၊ ပြည်ပမှ အိုင်တီကုမ္ပဏီပေါင်း ၈၀ ကျော်ပါဝင်ပြသမည့် ICT ပြပွဲတစ်ခုကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိပြသမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။
‘‘ဒီနှစ်ပြပွဲက ပြည်တွင်းမှာ ရုံးခွဲလာဖွင့်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတော်တော်များများပါဝင်လာခဲ့တဲ့အတွက် အိုင်တီနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု၊ ထုတ်ကုန်အားလုံးကို လေ့လာနိုင်မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။
အဆိုပါပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး မိုဘိုင်းငွေပေးချေဝန်ဆောင်မှုကုမ္ပဏီများ၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံတည် ဆောက်သည့်ကုမ္ပဏီများ၊ နည်းပညာဝန်ဆောင်မှုကုမ္ပဏီများ၊ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာ စသည့်နည်းပညာပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီပေါင်း ၈၀ ကျော် ပါဝင်ပြသမည် ဖြစ်ကြောင်းသိရသည်။
‘‘ဒီနှစ်မှာ အိုင်တီကုမ္ပဏီအသစ်တွေ အများကြီးဝင်ပြီး ပြသကြမှာဖြစ်တဲ့အတွက် နည်းပညာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု၊ ထုတ်ကုန်အားလုံးကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာဖြစ်ပါတယ်’’ဟု ဦးမင်းဦးက ပြောသည်။ အဆိုပါအိုင်စီတီပြပွဲကို သုံးရက်ကြာ ကျင်းပမည်ဖြစ်၍ မည်သူမဆို လာရောက်လေ့လာနိုင်ပြီး ပစ္စည်းဝယ်ယူသူများအတွက် ကံစမ်းမဲဖောက်ပေးခြင်းများလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
==================
251/End