အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ယီမင်စစ်တပ်သည် မက္ကဟ် မြို့ဘက်သို့ ဒရုန်းတစ်စင်း စေလွှတ်ခဲ့သည်ဆိုသော ဆော်ဒီအာရေဗျ၏ ပြောဆိုချက်ကို လုံးဝမဟုတ်မမှန်သော လိမ်လည်မှုတစ်ခုအဖြစ် ပယ်ချခဲ့ပါတယ်။
ယီမင်သတင်းအေဂျင်စီ ဆာဘာ (SABA) ကို ကိုးကား၍ IRNA သတင်းဌာနက ဖော်ပြရာတွင် ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ဆော်ဒီရန်သူဘက်မှ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် မက္ကဟ် မြို့ဘက်သို့ ဒရုန်းတစ်စင်း စေလွှတ်ခဲ့သည်ဟု ပြောဆိုခြင်းမှာ လုံးဝမဟုတ်မမှန်သော လိမ်လည်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ယနေ့ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ဆက်လက်၍ ဆော်ဒီမင်းဆက် (အာလ်ဆော်ဒ်) ၏ ရာဇဝတ်မှုကျူးလွန်သော အစိုးရက ဖြန့်ဝေနေသည့် အဆိုပါ မဟုတ်မမှန်သော၊ အခြေအမြစ်မရှိသော ပြောဆိုချက်များကို ယခုအခါ ကမ္ဘာပေါ်တွင် မည်သူမျှ ယုံကြည်ခြင်းမရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ယီမင်စစ်တပ်၏ စစ်ဆင်ရေးများတွင် ၎င်းတို့၏ ရေနံဆိုင်ရာ အဆောက်အအုံများနှင့် စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြောင်း၊ သင့်လျော်သည့်အချိန်တွင် အဆိုပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ယီမင်စစ်တပ်သည် ယနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံအပေါ် မည်သည့်စစ်ဆင်ရေးမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။ ထို့အပြင် မက္ကဟ်မြတ်မြို့၏ လေပိုင်နက်အတွင်း ဒရုန်းတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့သည်ဆိုသော ဆော်ဒီ၏ ပြောဆိုချက်သည် အခြေအမြစ်မရှိသော စွပ်စွဲချက်နှင့် ပြောင်ပြောင်တင်းတင်း လိမ်လည်မှုသာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
ယင်းမတိုင်မီက ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တူရ်ကီ အယ်လ်မာလီကီ က ယီမင်တပ်ဖွဲ့များနှင့် သက်ဆိုင်သော ဒရုန်းတစ်စင်းကို မက္ကဟ် မြို့ဒေသအတွင်း ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးပစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
မှတ်သားရန်မှာ ဆော်ဒီအာရေဗျနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ယီမင်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ စတင်ပြီးနောက် အဆိုပါဆင်းရဲနွမ်းပါးသော နိုင်ငံကို ကုန်းလမ်း၊ လေကြောင်းနှင့် ရေကြောင်းဆိုင်ရာ ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အဆိုပါပိတ်ဆို့မှုတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆုံးဖြတ်ချက်မှ ပြန်လည်နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment