၁ နိုဝင်ဘာ ၂၀၂၆ - ၁၄:၁၃
နေ့စဉ် သစ်ကြားသီးစားသုံးခြင်း၏ အကောင်းဆုံး အကျိုးကျေးဇူးကို ရှာဖွေတွေ့ရှိ

သစ်ကြားသီးကို လူအများစု နှစ်သက်ကြပြီး အစားအစာအမျိုးမျိုးတွင်လည်း ထည့်သွင်းအသုံးပြုကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News၏အစီရင်ခံစာအရ သစ်ကြားသီးကို တစ်နှစ်ပတ်လုံး စားသုံးနိုင်ပြီး ကျန်းမာရေးအတွက် များစွာအကျိုးပြုပါတယ်။ ယခုအခါ နေ့စဉ် သစ်ကြားသီးပမာဏတစ်ခုကို စားသုံးခြင်းသည် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ဆီရိုတိုနင် (Serotonin) ဇီဝဖြစ်စဉ်ကိုလည်း အကျိုးပြုကြောင်း တွေ့ရှိလာရပါတယ်။

ဆီရိုတိုနင်သည် ဦးနှောက် နှင့် အူလမ်းကြောင်းတို့တွင် တွေ့ရှိရသော အာရုံကြောဆက်သွယ်ရေးဓာတ်တစ်မျိုး (Neurotransmitter) ဖြစ်ပါတယ်။ ၎င်းကို ပျော်ရွှင်မှုဟော်မုန်းဟု ခေါ်ဆိုကြပြီး အိပ်စက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိုလည်း ထိန်းညှိပေးပါတယ်။

Food and Function ဂျာနယ်တွင် ဖော်ပြခဲ့သော သုတေသနတစ်ခု၌ နေ့စဉ် သစ်ကြားသီးစားသုံးခြင်းက စိတ်ခံစားချက်အပေါ် မည်သို့အကျိုးသက်ရောက်သည်ကို လေ့လာဆန်းစစ်ခဲ့ပါတယ်။

ဤရည်ရွယ်ချက်အတွက် လူ ၃၁ ဦးကို သုတေသနတွင် ပါဝင်စေခဲ့ပြီး အုပ်စုနှစ်စု ခွဲခြားခဲ့ပါတယ်။

အုပ်စုတစ်စုကို ညစာစားချိန်တွင် သစ်ကြားသီး ၄၀ ဂရမ် စားသုံးရန် ညွှန်ကြားခဲ့ပြီး အခြားအုပ်စုကိုမူ ၈ ပတ်ကြာ သစ်ကြားသီးစားသုံးခြင်းမှ ရှောင်ကြဉ်စေခဲ့ပါတယ်။

ထို့နောက် အုပ်စုနှစ်စုစလုံးကို ၂ ပတ်ကြာ သစ်ကြားသီးစားသုံးခြင်းမှ ရှောင်ကြဉ်စေခဲ့ပြီး ယင်းနောက် အုပ်စုနှစ်စု၏ စားသုံးမှုပုံစံကို အပြန်အလှန် ပြောင်းလဲစေခဲ့ပါတယ်။

စုစုပေါင်း သုတေသနလုပ်ငန်းစဉ်ကို ၁၈ ပတ်ကြာ ဆောင်ရွက်ခဲ့ပါတယ်။ ထိုကာလအတွင်း အုပ်စုနှစ်စုစလုံးကို သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်အပြည့်ပါဝင်သော အစားအစာများ၊ ငါးနှင့် သံလွင်ဆီတို့ ပါဝင်သည့် အစားအစာများကို ပိုမိုစားသုံးစေခဲ့ပါတယ်။

အုပ်စုနှစ်စုစလုံး၏ စိတ်ဖိစီးမှုအခြေအနေနှင့် စိတ်ခံစားချက်များကို မေးခွန်းလွှာများ အသုံးပြု၍ ဆန်းစစ်ခဲ့သည့်အပြင် ဆီးနမူနာများကိုလည်း ဓာတ်ခွဲစစ်ဆေးခဲ့ပါတယ်။

သုတေသနအရ သစ်ကြားသီးစားသုံးသူများ၏ စိတ်ခံစားချက်အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။  သို့သော် ဒေါသထွက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့မှာ သိသာထင်ရှားစွာ လျော့ကျလာခြင်း မရှိခဲ့ပေ။

သုတေသီများ၏ ပြောကြားချက်အရ သစ်ကြားသီးတွင် အိုမီဂါ-၃ ဖက်တီးအက်စစ် (Omega-3 Fatty Acids)၊ ပိုလီဖီနောလ် (Polyphenols) နှင့် အခြားအာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ယင်းအာဟာရဓာတ်များသည် အစာအိမ်အတွင်းရှိ ဘက်တီးရီးယားများမှတစ်ဆင့် စိတ်ခံစားချက်ကို ပျော်ရွှင်ကောင်းမွန်စေသည့် ဇီဝဖြစ်စဉ်များကို လှုံ့ဆော်ပေးကြောင်း ၎င်းတို့က ရှင်းပြခဲ့ပါတယ်။

သုတေသီများက ရလဒ်များသည် အားတက်ဖွယ်ကောင်းသော်လည်း ယခုသုတေသနတွင် ကန့်သတ်ချက်အချို့ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ နောက်ထပ်သုတေသနများ ပြုလုပ်ရန် လိုအပ်သေးကြောင်းလည်း ဆိုပါတယ်။

သို့သော် ၈ ပတ်ကြာ နေ့စဉ် သစ်ကြားသီး ၄၀ ဂရမ် စားသုံးခြင်းသည် စိတ်ခံစားချက်ကို ကောင်းမွန်ပျော်ရွှင်စေပြီး ဆီရိုတိုနင် ဇီဝဖြစ်စဉ်တွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်စေကြောင်းမှာ ထင်ရှားသည်ဟု သုတေသီများက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha