အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
တရားစီရင် ရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍတို့တွင် အကျင့်ပျက် ခြစားမှုများ ဆက်လက် ရှိနေခြင်းကြောင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမို ထိရောက်စေရန် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
သြဂုတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုပေးရန် အဆို တင်သွင်းစဉ် ၎င်းက ယင်းသို့ ပြောကြား သွားခြင်း ဖြစ်သည်။ “တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ဖို့ ကိစ္စတွေ အများကြီး ရှိပါသေးတယ်” ဟုလည်း ၎င်းက ဆိုသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ တွင် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သောအချက် ကိုးချက်၊ တရားစီရင်ရေးနှင့် ပတ်သက်သည့် အချက် ရှစ်ချက်နှင့် ပြည်သူ့ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သော အချက် လေးချက်ကို ဖော်ပြထားသည်။ အုပ်ချုပ်ရေး အဖွဲ့သည် ပြည်သူကို ဗဟိုမပြုဘဲ အထက်အရာရှိကို ဗဟိုပြုထားပြီး တရားစီရင်ရေးတွင်လည်း လာဘ်ပေး လာဘ်ယူများ ရှိနေဆဲ ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့ဝင်များသည်လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချခြင်းတို့ကို ဖမ်းဆီးခြင်း မပြုလုပ်နိုင်ကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွှတ်တော် ကိုယ်စားလှယ် အချို့ကမူ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာသည် အသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်း မရှိဘဲ ယေဘုယျ ဆန်သည် ဟု ထောက်ပြ ပြောဆိုကြသည်။
ယင်းအချက်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “အသေးစိတ် တင်ပြစေချင်မှန်း နားလည်ပါတယ်။ ဒါပေမဲ့ တရားရုံးကို မထီမဲ့မြင် ဖြစ်စေ မယ့် အသေးစိတ် အချက်လက်တွေကိုတော့ မထည့်ပါဘူး။ တရားဥပဒေ စိုးမိုးရေးအတွက် တစ်နှစ်ဆိုတဲ့ အတိုင်းအတာဟာ မလုံလောက်ပါဘူး” ဟု ရှင်းလင်းသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။