၁၆ စက်တင်ဘာ ၂၀၁၆ - ၁၆:၅၆
တော်သလင်းခါ မြစ်ပြင်ပေါ် အားစိုက်ကာ လှော်

တော်သလင်းလပြည့်နီးလာပြီမို့ မြောက်လေက ပြန်ချင်ချင်။ နံနက်ခင်းပိုင်းနှင့် ညပိုင်းတွေမှာလည်း အေးသယောင်ယောင်ဖြင့် ဆောင်းဦးကို ကြိုဖို့ပြင်သည်။ သို့သော် နေ့ခင်းပိုင်းနှင့် ညနေပိုင်းမှာတော့ တော်သလင်းလကဇာတိပြနေသည်။ ပူသည်။ ကျောကော့အောင် ပူနေသေးသည်။ စစ်ကိုင်း မင်းဝံတောင်ရိုးပေါ်ရောက်နေပြီဖြစ်သည့် နေမင်းက မြစ်တစ်ဖက်ကမ်း ရွှေကြက်ယက်စေတီအနီးရှိ ဧရာဝတီမြစ်ပြင်ပေါ်သို့ ကြက်သွေးရောင်ရောင်ဝါကို ဖြန့်ကြက်စပြုသည်။ ထိုနေရောင်အောက်မှာတော့ ငှက်လှေတွေကိုယ်စီကတော့ ထိုအပူကို အန်တုနေပါ၏။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တော်သလင်းလပြည့်နီးလာပြီမို့ မြောက်လေက ပြန်ချင်ချင်။ နံနက်ခင်းပိုင်းနှင့် ညပိုင်းတွေမှာလည်း အေးသယောင်ယောင်ဖြင့် ဆောင်းဦးကို ကြိုဖို့ပြင်သည်။ သို့သော် နေ့ခင်းပိုင်းနှင့် ညနေပိုင်းမှာတော့ တော်သလင်းလကဇာတိပြနေသည်။ ပူသည်။ ကျောကော့အောင် ပူနေသေးသည်။ စစ်ကိုင်း မင်းဝံတောင်ရိုးပေါ်ရောက်နေပြီဖြစ်သည့် နေမင်းက မြစ်တစ်ဖက်ကမ်း ရွှေကြက်ယက်စေတီအနီးရှိ ဧရာဝတီမြစ်ပြင်ပေါ်သို့ ကြက်သွေးရောင်ရောင်ဝါကို ဖြန့်ကြက်စပြုသည်။ ထိုနေရောင်အောက်မှာတော့ ငှက်လှေတွေကိုယ်စီကတော့ ထိုအပူကို အန်တုနေပါ၏။

ထိုငှက်လှေတွေက မြစ်တစ် ဖက်ကူးဖို့ မဟုတ်ပါ။ မကြာမီ ရောက်ရှိလာတော့မည့် ရွှေကြက် ယက် လှေပြိုင်ပွဲအတွက် ကြိုတင် လေ့ကျင့်နေခြင်းဖြစ်၏။ တစ်နှစ် တစ်ခါ ကျင်းပလေ့ရှိသည့် လှေ ပြိုင်ပွဲအတွက် ရွှေကြက်ယက်သား တွေ ပွဲမဝင်ခင် အပြင်က ကျင်းပ နေခြင်းဖြစ်၏။ ပွဲတော်က မကြာ မီ ရောက်လာတော့မည်။ တိတိ ကျကျဆိုရလျှင် လာမည့်တော် သလင်းလပြည့်ကျော် ၇ ရက်၊ ၈ ရက်ဆိုလျှင် ရွှေကြက်ယက်လှေ ပြိုင်ပွဲကြီး စတင်ပေတော့မည်။

ရွှေကြက်ယက်လှေပြိုင်ပွဲက အခြားလှေပြိုင်ပွဲတွေနှင့် အနည်း ငယ်ခြားနားသည်က လှေငယ်များ ဖြင့် လှော်ခြင်းမဟုတ်ဘဲ အနည်း ငယ်ကြီးမားသည့် ငှက်လှေများ ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်ပါ၏။ ထို ငှက်လှေတွေကလည်း ရာဇဝင် နှင့်။ စစ်ကိုင်းတံတားအသစ် ရတနာပုံတံတားမရှိခင်က စစ် ကိုင်းတံတားအဟောင်း အင်းဝ တံတားမှာ အနည်းငယ်ဝေးနေ သဖြင့် စစ်ကိုင်းနှင့် အမရပူရ ရွှေ ကြက်ယက်ဆိပ်ကမ်းကို ကူးချည် သန်းချည်ပြုခဲ့ကြသည့် ငှက်လှေ များပင် ဖြစ်သည်။ ထိုငှက်လှေ များဖြင့် ရွှေကြက်ယက်လှေပြိုင်ပွဲ ဆင်နွှဲကြခြင်းဖြစ်သည်။

တော်သလင်းလှေပြိုင်ပွဲအ ခါ ရောက်တော့မည်ဆိုလျှင် ရွှေ ကြက်ယက်သူ၊ ရွှေကြက်ယက် သားတွေ ပွဲတော်မရောက်မီက တည်းက ရင်ခုန်နေကြရသည်။ ရွှေကြက်ယက်မှာ ကျေးရွာ ၂၄ ရွာရှိသည့်အနက် ၁၄ ရွာက ပွဲ တော်မှာ ဝင်နွှဲရသည်မို့ လှေအ သင်းက ၁၄ သင်းရှိလေသည်။ ထို့အတွက် တစ်ရွာနှင့်တစ်ရွာ ဆွေမျိုးအရင်းကြီးတွေ ရှိတတ်ကြ ပေမယ့် တော်သလင်းလှေပြိုင်ပွဲ အခါ ရောက်ပြီဆိုလျှင်တော့ ကိုယ့်ရွာလှေအသင်းပွဲတော်မှာ အနိုင်ရစေချင်ကြသည်။ ဒီနှစ် တော်သလင်းမှာ ရွာကအသင်း ဗိုလ်စွဲဖို့အတွက် တတ်နိုင်တာ တွေ ဝိုင်းဖို့ပြင်ကြသည်။

လှေလှော်ကြမည့်အသင်း သားတွေက များသောအားဖြင့် အသက် (၁၈)နှစ်မှ (၃၀)အတွင်း လူငယ်ပိုင်းတွေ ဖြစ်ကြသည်။ ဝင်နွှဲချင်ကြသူ ကာလသားများ များ ပြားလှသည်မို့ အတွေ့အကြုံရှိ ဝါ ရင့်လှေသမားတွေက ရွေးချယ် ကြရသည်။ တစ်သင်းလျှင် ၁၁ ဦးပါပြီး ၁၀ ဦးကလှော် တစ်ဦးက ပဲ့ကိုင်ရ၏။

တော်သလင်းလှေပြိုင်ပွဲမစ မီ တစ်လလောက်အလိုကတည်း က ရွှေကြက်ယက်သားတွေ မြစ် ပြင်ကို ဆင်းကြသည်။ ပါဝင်တဲ့ အသင်းသားတွေက ရက်ကန်းနှင့် လက်သမားအလုပ်တွေ အများ ဆုံးလုပ်ကြသူတွေဖြစ်ပြီး ကိုယ်စီ ဝမ်းရေးကျောင်းနေကြသူတွေမို့ အလုပ်ပြီးလုချိန် ညနေ ၄ နာရီ လောက်မှ မြစ်ဆိပ်ဆင်းနိုင်ကြ သည်။

မြစ်ဆိပ်ကို လှေသမားတွေ သာမက ကိုယ့်ရွာက လူတွေက လည်း လိုက်ကြသည်။ ကိုယ့်ရွာ အသင်း အနိုင်ရဖို့အရေး ကြိုတင် လေ့ကျင့်ပြီဆိုကတည်းက လိုက် လံအားပေးကြခြင်းဖြစ်သည်။ လူ တင်လိုက်ရုံမက လှော်ခတ်ရင်း မောလာလျှင် အဆာပြေစားဖို့ မုန့်တွေ၊ ငှက်ပျောသီးတွေကအစ ထည့်ယူလာကြသည်။ လှေပေါ် က လူငယ်တွေကလည်း မြစ်ဆိပ်ကလူတွေရဲ့ အားပေးမှုတွေကို ကြည့်ပြီး ပြိုင်ပွဲမှာ အနိုင်ရဖို့ အားထည့်ကာ ကြိုတင်လေ့ကျင့်ကြ သည်။ ညနေ ၄ နာရီလောက် ကတည်းကတင် လေ့ကျင့်လိုက် တာ နေမင်းက စစ်ကိုင်းတောင် ရိုင်းအနောက်ဘက် ငုပ်လျှိုးပြီး မြစ်ပြင်မှာ အလင်းရောင်ပျောက် ချိန် ည ၇ နာရီလောက်မှ သိမ်းကြသည်။ လှေလှော်လေ့ကျင့်ပြီး တော့ ချွေးတွေသံတွေ တရွှဲရွှဲဖြင့် ပင်ပန်းခဲ့ကြပြီမို့ လှေသမားတွေ ဧရာဝတီမြစ်ထဲ ဒိုင်ဗင်ပစ်ကြ သည်။ မြစ်အနောက်ဘက် စစ် ကိုင်းတောင်ရိုးဆီက မီးရောင် တလက်လက်တွေကတော့ မြစ် ပြင်မှာ အရိပ်ထင် အရောင် တလျှပ်လျှပ်တောက်ပလျက်။

ထိုသို့ တစ်လလောက် လေ့ ကျင့်ပြီးတော့ ပွဲတော်ရက်က ရောက်လို့လာခဲ့သည်။ ရွှေကြက် ကျဘုရားခြေတော်ရင်း မြစ်ဆိပ် နားမှာ လှေပြိုင်ပွဲ စဖို့ပြင်သည်။ ဘုရား၏ အနောက်မြောက်ဘက် ခပ်စွေစွေ ပေ ၁,၀၀၀ ခန့်အကွာ မှ စတင်တာလွှတ်မည်ဖြစ်သည်။ စတင်တာလွှတ်မည့်နေရာကို လွှတ်မုံးဟုလည်း ခေါ်ဆိုကြ သည်။ လွှတ်မုံးနေရာ လှေပေါ်မှ နေ၍ ဝါရင့်လှေသမားလေးဦး လောက်က ပြိုင်မည့်အသင်းနှစ် သင်း၏ လှေတွေ၏ နောက်မြီးကို ကိုင်ဆွဲထားကြသည်။ လှေနောက်မြီးကို ကိုင်ဆွဲထားရင်း စည်းကမ်း ချက်တွေ ဖတ်ပြကြသည်။ စည်း ကမ်းချက်တွေက နည်းနည်းနော နောမဟုတ်။ အနိုင်ရနေသည့်အ သင်းအဖို့ တက်မ မထောင်ရန်၊ တစ်ဖက်နှင့်တစ်ဖက် နောက် ပြောင်ခြင်းမပြုရန်တွေလည်း ပါ သည်။

မတားမြစ်ထားလျှင် လှေလှော်ခတ်ရခြင်းကြောင့် မောရသည့်အထဲ၊ ရှုံးနေရသည့်အထဲ ရန်ဖြစ် ကုန်နိုင်၍ တားမြစ်ရခြင်း ဖြစ်လေသည်။ စည်းကမ်းချက်တွေ ဖတ်ပြီးနောက် နှစ်ဖက်အသင်း သိရှိပြီးပြီဆိုလျှင် တစ်နှစ်သုံးရေတွက်ကာကိုင်ထားသည့် လှေနောက်မြီးတွေကို လွှတ်ပေး လိုက်ကြသည်။

ထို့နောက်မှာတော့ ငှက် လှေနှစ်စီး ဘုရားခြေတော်ရင်းရှိ ပန်းတိုင်ဆီ အရောက်ပြေးကြ သည်။ ကုန်းပေါ်က အားကြိုးမာန် တက် အော်ဟစ်အားပေးသံတွေ နှင့်အတူ အပြိုင်လှော်ခတ်ကြ သည်။ ‘‘စီးဟ.. စီးဟ။ တိုး.. တိုး’’ အစရှိသည့် အားမာန်တက်စေမည့် အသံတွေ လှေသမားတွေဆီ က အပြိုင်ထွက်ပေါ်လာသည်။ ပန်းတိုင်ဖြစ်သည့် လှေအနီးသို့ ရောက်လာလေလေ ကမ်းကနေ အားပေးသူတွေ၏ အသံတွေက လည်း ပို၍ပို၍ ကျယ်လောင်လာ လေ။ ပန်းတိုင်လှေပေါ်မှာတော့ ပန်းအဖြစ် ကြိမ်တစ်ချောင်းက စောင့်ကြိုနေပါသည်။ ထိုကြိမ်ကို လှမ်းဆွဲနိုင်သည့်လှေက အနိုင်ရရှိ မည်ဖြစ်သည်။ ကိုယ့်ရွာကိုယ့်အ သင်းက ထိုကြိမ်ကို လှမ်းဆွဲနိုင် လိုက်ပြီဆိုလျှင်တော့ ကမ်းပေါ်က လူတွေ ဟေးခနဲအော်ပြီး လက် ခုတ်လက်ဝါးတီးသံတွေက ဧရာ ဝတီမြစ်ပြင်ကို ဘောင်ဘင်ခတ် သွားစေမည့်အလား ညံဟိန်း လျက်။

ပြိုင်ပွဲက နှစ်ရက်ကျင်းပ သည်မို့ ပထမရက်မှာ ရွာ ၁၄ ရွာ က အသင်း ၁၄ သင်း နှစ်သင်းစီ ပြိုင်ကြသည်။ ပထမနေ့က နိုင် လာသည့် ခုနစ်သင်းက ဒုတိယနေ့မှာ ထပ်မံယှဉ်ပြိုင်ရသည်။ နောက် ဆုံးမှာတော့ ပထမ၊ ဒုတိယ၊ တတိယပူးတွဲတွေရွေးကာ ဆုချီး မြှင့်သည်။ ဆုငွေကို ရွှေကြက် ယက်ဘုရား လှေပွဲတော်ကျင်းပ ရေးကော်မတီ၏ ဆုချီးမြှင့်ငွေအ ပြင် လုပ်ငန်းရှင်တွေကလည်း ချီး မြှောက်ကြသည်။ အနိုင်ရသည့် အသင်းရော ထိုအသင်း၏ ရွာကပါ ဂုဏ်တွေတက်ကြသည်။

ရွှေကြက်ယက်လှေပွဲက ဘုရင်တွေလက်ထက်ကတည်း က ကျင်းပလာခဲ့တာမို့ နှစ်ပေါင်း ရာချီကြာခဲ့ပြီဖြစ်သည်။ နှစ်စဉ် ကျင်းပခဲ့သော်လည်း တိုင်းရေး ပြည်ရေး မငြိမ်မသက်ဖြစ်သည့်အ ခါမျိုး၊ သဘာဝဘေးအန္တရာယ် တွေဖြစ်ခဲ့သည့် ကာလမျိုးဆိုလျှင် တော့ ပွဲတော် မကျင်းပတတ်။ ထိုသို့ ပွဲတော်မကျင်းပလျှင် ပွဲတော်ကျင်းပရာအနီးရှိ မြစ်အတွင်းမှ ဝဲကြီးအော်တတ်သည်ဟု ဒေသခံတွေက ယူဆကြသည်။ ထို့အတွက် ရိုးရာအစဉ်အလာများ အတိုင်း လှေပွဲတော်တွင် ဝဲစာကျွေးသည့်အလုပ်ကိုပါ လုပ်ကြသည်။ ဝဲစာအပြင် ဆရာတော်၊ သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ ရွှေကြက်ယက်လှေပြိုင်ပွဲပြီးသွား လျှင်တော့ လှေသမားတွေ ဒူးတွေ တံတောင်တွေ နာကြပါ၏။ ပြိုင်ပွဲမှာရော ပွဲမစမီကပါ ငှက်လှေပေါ် ဒူးတွေတံတောင်ကွေးကာ လှော်ခဲ့ရ၍ ဖြစ်လေသည်။ ရွာသူရွာသားတွေလည်း အသံတွေနာကာ ကျန်ရစ်ခဲ့သည်။ အော်ဟစ်အားပေးရလွန်း၍ ဖြစ်သည်။

လှေပွဲက နှစ်စဉ်ကျင်းပတာ မို့ ဝါသနာပါသူတွေ ရွာအသင်းမှာ အားတက်သရော စာရင်းပေး တတ်ကြသော်လည်း ကျွမ်းကျင် သူတွေတော့ တဖြည်းဖြည်းနည်း လာခဲ့သည်ဟု ငယ်စဉ်ကတည်း က ရွှေကြက်ယက်လှေပြိုင်ပွဲတွေ မှာ ဆင်နွှဲခဲ့သည့် ယခုကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်နေသူ ဦးစက် က ဆိုပါသည်။ ဦးစက်အဆိုအရ တော့ ယခင်က ရွှေကြက်ယက်က ရေဝင်နယ်မြေကြီး။ ဝါဆိုဝါခေါင် ဆိုလျှင် ရေကပေါင်းလန်အောင် ကြီးတတ်သည်မို့ ရွာသားတွေ လှေနှင့် လုံးဝမကင်း။ အခုတော့ ရေ က ယခင်လောက် မဝင်တော့တာ ကြောင့် တချို့က လှေနဲ့ခပ်စိမ်း စိမ်း။ သို့ပေမဲ့ တော်သလင်းအခါ ရောက်တိုင်း လှေပွဲဝင်မယ့် လူ ငယ်တွေ တရုန်းရုန်းဖြင့် စာရင်း ပေးတတ်ကြတုန်းပင်။

ဒီနှစ်လည်း ရွှေကြက်ယက် က တော်သလင်းလှေပြိုင်ပွဲကြီး ရက်ပိုင်းအတွင်း စတင်လာတော့ မည်။ လှေသမားတွေလည်း သူ့ထက်ငါ အပြိုင်လှော်ခတ်ကြပေ ဦးမည်။ ရွှေကြက်ယက်က ကျေးရွာတွေကလည်း ရာသီဥတုပူပူ လောင်လောင်ထဲ ချွေးသံတရွှဲရွှဲဖြင့် အော်ဟစ်ခုန်ပေါက်အားပေး ကြပေဦးမည်။ အားမပေး၍လည်းမရ။ ကိုယ့်ရွာကိုယ့်ဂုဏ်သိက္ခာ တက်အောင်လုပ်ဖို့က ကိုယ့်ရွာ သူရွာသားတွေရဲ့ တာဝန်တွေပဲ မဟုတ်ပါလား။

==================
251/End