၆ နိုဝင်ဘာ ၂၀၁၆ - ၁၉:၂၇
ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းတစ်ခန်း၌ ဗြိတိန် နိုင်ငံသားတစ်ဦး အသတ်ခံရ

ရန်ကုန့်လယ်ရှိ နေအိမ်တိုက်ခန်းတစ်ခုအတွင်း ဗြိတိန် နိုင်ငံသားတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်က အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန့်လယ်ရှိ နေအိမ်တိုက်ခန်းတစ်ခုအတွင်း ဗြိတိန် နိုင်ငံသားတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်က အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်မြို့လယ် ဖြစ်သည့် ကျောက်တံတားမြို့နယ်၊ (၈) ရပ်ကွက်၊ ၃၉ လမ်း အလယ်ဘလောက်ရှိ ပထမထပ် တိုက်ခန်းတစ်ခန်းတွင် နိုင်ငံခြားသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများမှ သွားရောက် စစ်ဆေးရာ အဆိုပါ တိုက်ခန်းအတွင်း သေဆုံးနေသည့် နိုင်ငံခြားသား တစ်ဦးအား တွေ့ရှိခဲ့ရကာ ရဲလုပ်ထုံးလုပ်နည်းအရ စစ်ဆေးရာ ပါးစပ်သွေးလျှံ မျက်နှာဖူးရောင်၊ ရင်ဘတ်ညို မဲဖူးရောင် ဒဏ်ရာများ ရရှိထားသည်ကို ကနဦး စစ်ဆေးတွေ့ရှိရပြီး အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသား၏ ကိုယ်ရေးအချက်အလက်များအား ရဲတာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးရာ ၄င်းမှာ ဗြီတိန် နိုင်ငံသားတစ်ဦးဖြစ်ပြီး သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာတွင် နေထိုင်သူတစ်ဦးဖြစ်ကာ ရန်ကုန်မြို့ရှိ International School တစ်ခုမှ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်းသိရသည်။

“ကျွန်တော်ကို မနက် ၉ နာရီလောက်မှာ မြို့နယ်ရဲစခန်းက ရဲအရာရှိတစ်ယောက်က ဖုန်းဆက်ပြီးတော့ ၃၉ လမ်းမှာ လူသေမှုတစ်ခု ဖြစ်တယ်ဆိုပြီးတော့ အကြောင်းကြားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်လိုက်လာပြီး ရဲတာဝန်ရှိသူတွေနဲ့ အဲဒီတိုက်ခန်းထဲကို သွားရောက်ကြည့်ရှုတာပါ။ သေဆုံးသူကို အ၀တ်နဲ့ ရဲတာဝန်ရှိသူတွေက အုပ်ထားတဲ့အတွက် ဒဏ်ရာတွေ ဘာတွေ ရှိ မရှိ ဆိုတာကိုတော့ မတွေ့လိုက်ပါဘူး။

ဒါပေမယ့်သေဆုံးသူက နိုင်ငံခြားသားတစ်ယောက်ဆိုတာတော့ သိရပါတယ်။ ပြီးတော့ သူက အဲဒီတိုက်ခန်းမှ နေတာ မဟုတ်ဘဲ သာကေတမှာ နေတယ်လို့တော့ သိရတယ်။အဲဒီတိုက်ခန်းရဲ့ မြန်မာနိုင်ငံသား ပိုင်ရှင်ဆီက ငှားနေတဲ့ သူကလည်း နိုင်ငံခြားသားလို့သိရတယ်။ အဲလို နိုင်ငံခြားသား ငှားနေတဲ့အကြောင်းကို အိမ်ရှင်က ကျွန်တော်တို့ရပ်ကွက်ရုံးကိုတော့ အကြောင်းကြားတာတော့ မရှိဘူး။ ဒါပေမယ့် လ၀ကကိုတော့ အကြောင်းထားတယ်လို့ သိရပါတယ်”  ဟု ကျောက်တံတားမြို့နယ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လှက ပြောကြားသည်။

“အဲ့ဒီတိုက်ခန်းမှ နိုင်ငံခြားသား လင်မယားနှစ်ယောက် နေတယ်။ အဲ့ဒီလင်မယားနှစ်ယောက် က အမြဲတမ်း ရန်ဖြစ်တယ်။ပြီးတော့ အဲဒီတိုက်ခန်းကို သူတို့ရဲ့မိတ်ဆွေ နိုင်ငံခြားသားတွေ ထင်ပါတယ် အမြဲတမ်း အ၀င်အထွက်ရှိ ကြတယ်။ သူတို့က ပတ်ဝန်းကျင်နဲ့လည်း သိပ်ပြီး အဆက်အသွယ် မရှိဘူး။ အောက်တိုဘာ ၅ ရက်နေ့ နံနက်အစောပိုင်းမှာ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ အဲဒီအခန်းက ဆူညံသံတွေ ကြားရပါတယ် ဟု အခင်းဖြစ်တိုက်ခန်း အနီးနေ အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားမှာ သေဆုံးသူ ဗြိတိန်နိုင်ငံသားနှင့်အတူ ရန်ကုန်မြို့ ရှိ  International School တစ်ခုတွင် ကျောင်းဆရာအဖြစ် အတူတူ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ၄င်းမှာ အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းလိုင်းတစ်ခုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီးဟု သိရှိရကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ကျောက်တံတား မြို့မရဲစခန်းမှ (ပ) ၂၄၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

===================    
251 / End