အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပီ အောက်ပီရွာ အနီးအနားတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်ရဲ့ တပ်မဟာ ၃၊ စစ်ဗျူဟာ ၂ လက်အောက်ခံ၊ တပ်ရင်း ၃၁၄ တို့ ၂ နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က ၁၁ နာရီကြားနဲ့ ၁ နာရီကြားမှာ မြန်မာ့တပ်မတော်နဲ့ ကျနော်တို့ အေအေတပ်မတော်ကြား တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲက သုံးကြိမ်လောက် ဖြစ်ပါတယ်။ မြန်မာတပ်မတော်က ခလရ ၅၅ နဲ့ ခလရ ၂၀ တို့ပေါ့လေ။ မြန်မာတပ်မတော်ဘက်ကတော့ အနည်းဆုံး ၁၀ ဦးလောက် ကျပါတယ်။ သူတို့ဘက်က အင်အားကတော့ ၁၀၀ ကျော်လောက် ရှိပါတယ်။ အဲဒီလို ၂ နာရီအတွင်း တိုက်ပွားတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာလောက် ရှိပါတယ်။ ကျဆုံးတာ မရှိဘူး။”
မြန်မာ့တပ်မတော်ဘက်ကတော့ ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသလို ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ရက္ခိုင့်တပ်မတော် (အေအေ) ဘက်က အခြေစိုက်ထားတဲ့ တပ်စခန်းတွေကို မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်လာခဲ့တာကြောင့် အခုတိုက်ပွဲ ဖြစ်ပွားရတာလို့ အေအေဘက်က ပြောပါတယ်။
“ကျနော်တို့ အခြေတပ်စိုက်ထားတဲ့နေရာတွေကို မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်လာခဲ့တာကြောင့် တိုက်ဖြစ်ခဲ့တာပါ။ လက်ရှိအချိန်ထိတော့ တိုက်ပွဲတွေဖြစ်နေတုန်းပဲ၊ နောက်ထပ်လည်း ဖြစ်လာဦးမယ်လို့ ထင်တယ်။ ကျနော်တို့ ကြားသလောက်ကတော့ သူတို့ဘက်က တပ်အင်အားတွေ ထပ်ဖြည့်နေတယ်လို့ ကျနော်တို့ ကြားထားပါတယ်။”
အဲဒီတိုက်ပွဲတွေကြောင့် အထက်ပီ၊ အောက်ပီရွာတွေက ဒုက္ခသည်အရေအတွက် ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကလည်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ခဲ့ပြီး အခုအချိန်တိုက်ပွဲတွေဟာ ကြိုးကြားကြိုးကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပေမယ့် မနေ့ကအထိတော့ တိုက်ပွဲပြင်းထန်တယ်လို့ ဆိုပါတယ်။
===================
251 / End
၁၃ ဒီဇင်ဘာ ၂၀၁၆ - ၁၅:၂၉
News ID: 797940
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပီ အောက်ပီရွာ အနီးအနားတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။