အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သေဒဏ်ကျခံနေရသည့် မြန်မာလုပ်သားနှစ်ဦး၏ အယူခံကို ထိုင်းအယူခံအောက်ရုံးက ပယ်ချခဲ့ပြီး မူလ သေဒဏ်ကို အတည်ပြုခဲ့သည်။ ထို့ကြောင့် ၀င်းနှင့်ဇော်တို့နှစ်ဦး လွတ်မြောက်ရေးအတွက် အဆင့်မြင့် အယူခံ တရားရုံးတွင် အယူခံထပ်မံတင်ရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားပြီး ၎င်းတို့နှစ်ဦး၏မိခင်များကလည်းအမှုကိုကူညီပေးရန် စာရေးသားတောင်းဆိုခဲ့သည်။ ထို့အပြင် သေဒဏ်မှလွှတ်ပေးရန် ပြည်တွင်းတွင် ဆန္ဒပြမှုများလည်းဖြစ်ပေါ်နေပြီး ၎င်းတို့နှစ်ဦးနှင့်စပ်လျဉ်း၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။
ကိုစိန်ဌေး (ဥက္ကဋ္ဌ-MWRN ၊လိပ်ကျွန်းအရေးဆောင်ရွက်နေသူ)
အယူခံမှာ ရှုံးသွားတဲ့အတွက် တော်တော်လေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ ရှေ့နေအဖွဲ့ကို တောက်လျှောက်ကူညီပေးနေခဲ့တဲ့ သူ တစ်ယောက်အနေနဲ့ ကျွန်တော်တို့က ဒီအယူခံအဆင့်မှာ အများကြီး မျှော်လင့်ထားခဲ့တာပါ။ သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကလည်း စိတ်မကောင်းဖြစ်တယ်။ ကူညီဖို့ညွှန်ကြားတယ်လို့ သတင်း တွေအရကြားသိရတော့ ဘာပဲဖြစ်ဖြစ် အားတက်မိပါတယ်။ ပြီးခဲ့တဲ့ ကာလမှာ မြန်မာအစိုးရအနေနဲ့ ကူညီတယ်ဆိုတဲ့အပေါ်မှာတော့ အားရ ကျေနပ်မှုမရှိခဲ့ပါဘူး။ သက်သေရှာပေးမယ်ပြောပြီး မရှာလာနိုင်ဘူး။ ကလေးတွေကို ထောင်ဝင်စာတွေ့တာတို့၊ ထောက်ပံ့ကူညီတာတို့ အား နည်းတဲ့အတွက် ယနေ့အချိန်အထိ ကလေးတွေဟာ နိုင်ငံခြားသား စေတနာရှင်တွေ၊ အွန်လိုင်းကတစ်ဆင့် စုပေါင်းကူညီတာတွေနဲ့ MWRNက ကူညီတာတွေပဲ အားထား နေရတဲ့သဘောရှိတယ်။ ရှေ့နေအဖွဲ့ကိုလည်း ဘာမှ ထိထိရောက်ရောက် ပံ့ပိုးပေးခဲ့တာမရှိခဲ့ဘူး။ ထိုင်းရှေ့နေ တွေကသာ အခမဲ့ကူညီပြီး စရိတ်တွေကိုလည်း ရှာရဖွေရနဲ့ လုပ်ကိုင်ခဲ့ရတာ။ နောက်တစ်ဆင့် အယူခံမှာ မြန်မာအအစိုးရအနေနဲ့ လုပ်ပေးစေချင်တာကတော့ ကလေးတွေရဲ့ မိခင်တွေက ကလေးတွေကို အနီး ကပ်အထူးထောင်ဝင်စာတွေ့နိုင်အောင်၊ ရှေ့နေတွေလည်း အနီးကပ် အထူးထောင်ဝင်စာတွေ့နိုင်အောင် ထိုင်းအစိုးရနဲ့ဆက်သွယ်ပြီး စီစဉ် ပေးသင့်ပါတယ်။ ဒါက ထိုင်းအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိနေတာပါ။ တရားရေးမဏ္ဍိုင်နဲ့လည်း မဆိုင်ပါဘူး။ ထို့အတူပဲ စေတနာရှင်တွေဖြစ်တဲ့ နိုင်ငံခြားသားဖြစ်ဖြစ်၊ မြန်မာ နိုင်ငံသားဖြစ်ဖြစ် အရင်ကတည်းက ကလေးတွေကို ပုံမှန်ထောင်ဝင်စာ သွားတွေ့ပေးနေတာတွေရှိခဲ့တယ်။ နောက်ပိုင်းမှ ထောင်အာဏာပိုင်တွေက ဆွေမျိုးတော်စပ်ကြောင်း သံရုံးထောက်ခံစာမပါရင် မပေးတွေ့တော့လို့ ရပ်နေခဲ့ရတာ။ ဒါတွေကိုလည်း ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်စေချင်ပါတယ်။ ထိုင်းရှေ့နေတွေရဲ့ အယူခံနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ဖို့ ပံ့ပိုး ကူညီပေးစေချင်ပါတယ်။ ပြီးတော့ ဒီအမှုမှာ အရေးကြီးသက်သေ မြန်မာနိုင်ငံသားတွေကိုလည်း ခေါ်ပေးစေ ချင်ပါတယ်။ ပြီးခဲ့တဲ့ တရားရုံးတွေတုန်းက မြန်မာနိုင်ငံသား အရေးကြီးသက်သေတွေတစ်ယောက်မှ ခေါ်လို့ မရခဲ့ပါဘူး။ မလာရဲကြပါဘူး။ ဒါကြောင့်လည်း အမှုနိုင်ဖို့အခွင့် အရေးတချို့ ဆုံးရှုံးခဲ့ရတာပါ။ တောက်လျှောက် ထိုင်းရှေ့နေတွေ ခုခံလျှောက်လဲချက်မှာ DNA နဲ့ ပတ်သက်တဲ့ အင်္ဂလန်ကအထောက်အထားတွေကိုပဲ အားပြုလျှောက်လဲခဲ့ရတာပါ။ ဒီဟာကလည်း မြန်မာအစိုးရက ရှာဖွေပေးခဲ့တာမဟုတ်ဘဲ ရှေ့နေအဖွဲ့ကသာ ကိုယ့် ဘာသာ ကြိုးစားဆက်သွယ်ရှာဖွေခဲ့တာပါ။ ဒါကြောင့် အရေးကြီးသက်သေတွေရဖို့ မြန်မာအစိုးရအနေနဲ့ အထူးအလေးထား ဆောင်ရွက်ပေးသင့်ပါတယ်။ နှစ်နိုင်ငံရဲ့ သံတမန်လမ်း ကြောင်းကိုအသုံးပြုပြီး အစွမ်းကုန် ကူညီပေးသင့်ပါတယ်။ ထိုင်းဓမ္မကာယကျောင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ် တချို့တွေက နားလည်မှုလွဲပြီး ဆန္ဒပြကြတာနဲ့ ဒီအမှုစီရင်ချက်နဲ့ သိပ်တော့မဆိုင်ဘူးလို့ထင်ပါတယ်။
ကိုဟိန်းသက်အောင် (မုတ္တမမြို့)
မြန်မာနိုင်ငံသားနှစ်ဦးရဲ့ အယူခံပယ်ချလိုက်တယ်ဆိုတဲ့ သတင်း ကြားတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ရော လူသားတစ်ဦးအနေနဲ့ပါ စိတ်မကောင်း တော်တော်ဖြစ်မိသွားတယ်။ အစိုးရပိုင်းက ဆောင်ရွက် ပေးမှုက ပွင့်ပွင့်လင်းလင်းပြောရရင် အားမရတာတော့ အမှန်ပါ။ နိုင်ငံ တကာမှာ သံတမန်ရေးရာ အခင်းအကျင်းဆိုတာရှိတာပဲ။ ဒါပေမဲ့လည်း အစိုးရက ဒီအခင်းအကျင်းကို သုံးတဲ့အခါမှာ ကိုယ့်နိုင်ငံက သံတမန်က အားနည်းနေတာလားပေါ့။ ဒါကြောင့် ပထမတော့ အစိုးရရဲ့ ဆောင်ရွက် ချက်တွေကို ကျေနပ်မှုတော့မရှိခဲ့ပေမယ့် အခုနိုင်ငံတော်အတိုင်ပင်ခံက အယူခံထပ်ပြီးတက်ဖို့ ညွှန်ကြားလာတာကို မြင်ရတော့လည်း ရာခိုင်နှုန်း ၇၀ လောက်တော့ ပြန်ပြီးကျေနပ်အားရမှုဖြစ်လာတယ်ပေါ့နော်။ ကျွန် တော်က ပညာရှင်တစ်ယောက် မဟုတ်တော့ ထိရောက်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သင့်သလဲဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော်မြင်တဲ့အချက်တော့ရှိတယ်။ အဓိကကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဘုရင် (သို့မဟုတ်) သူတို့ဝန်ကြီးချုပ်ဆီ သံတမန်နည်းအရ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်ယုံကြည်ပါတယ်။ ၀င်းနဲ့ဇော် သေဒဏ်က လွတ်မြောက်နိုင် သွားမှာပါ။ အစိုးရအနေနဲ့ ကြားခံမထားတော့ဘဲ ထိပ်သီးပုဂ္ဂိုလ်ချင်း ချိတ်ဆက်ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။
စိုးလင်းအောင်
(ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေး တက်ကြွလှုပ်ရှားသူ)
အယူခံတက်ဖို့ နောက်ဆုံးအဆင့်တစ်ဆင့်ဖြစ်လို့ မြန်မာအစိုးရ ဘက်က လုပ်သင့်တာ လိပ်ကျွန်းကော်မတီဆိုလား ဘန်ကောက်မြန်မာ သံရုံးက ဖွဲ့ပေးထားတဲ့အဖွဲ့ကို ဖျက်သိမ်းပြီး အသစ်တစ်ဖန်ပြန်ဖွဲ့စည်း ပါ။ ဖွဲ့စည်းတဲ့နေရာမှာ ထိုင်းနဲ့နိုင်ငံတကာကို အမှုနဲ့ပတ်သက်ပြီး ပြော ဆိုနိုင်မယ့်သူတွေ၊ အလုပ်သမား သံအရာရှိတွေနဲ့ ထိုင်း၊ မြန်မာဥပဒေ ကို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ဖွဲ့စည်းသင့်ပါတယ်။ ထိထိရောက် ရောက်လုပ်နိုင်ကိုင်နိုင်မယ့်သူတွေနဲ့ ပြန်မဖွဲ့စည်းသရွေ့ ဘာမှထူးလာ မှာမဟုတ်ပါဘူး။ ထိုင်းဘုရင်အသစ်နန်းတက်ပြီးတဲ့နောက်မှာ အသနား ခံစာတင်လို့မှ မထူးခြားရင်တော့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ကယ်ထုတ်နိုင် တော့မယ်လို့ မြင်ပါတယ်။ ဓမ္မကာယဘုန်းကြီးကျောင်းကို မြန်မာနိုင်ငံသားတွေ ဆန္ဒပြတာမှားယွင်းနေတယ်။ ဘာလို့ဆိုတော့ ဒီဖြစ်စဉ်ကယခင်ကတည်းက တိုးတိုးကြိတ်ကြိတ်ဖြစ်နေတဲ့ ဖြစ်စဉ်ပြောရမယ်ဆို သူတို့ အိမ်တွင်းရေးပြဿနာ။ ဒါကိုမြန်မာနိုင်ငံထဲက ဘာမသိညာမသိ လူတစ်စုက သူတစ်ပါးအိမ်တွင်းရေးကို သွားစွက်ဖက်သလိုဖြစ်နေတာ၊ အင်မတန်မှားယွင်းနေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအရေးကို အခုလို အလားတူလုပ်ရင် ကျွန်တော်တို့မကြိုက်သလို သူတို့လည်း မနှစ်မြို့ဘူး။ ဒါကိုသိရမယ်။ အခု အယူခံပယ်ချတဲ့အမိန့်ချမှတ်တဲ့နေ့မှာ မြန်မာဘက်က တာဝန်ရှိသူတွေကို မခေါ်ဘဲ ထိုင်းဘက်ကပဲ တစ်ဖက်သတ် အမိန့် ချမှတ်လိုက်တာ ဒါတွေကြောင့်လည်း ပါနေတယ်။
ဒေါ်မေရီ(ကုန်သည်)
ဝင်းနှင့်ဇော်အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ စိတ်မ ကောင်းပါဘူး။ သူတို့အတွက် စင်ကာပူမှာနေတုန်းကလည်း သူငယ်ချင်း တွေနဲ့ ဆုတောင်းပွဲလေးလုပ်ခဲ့ဖူးပါတယ်။ ထိုင်းဘက်က သူတို့သိက္ခာအ တွက် မြန်မာလုပ်သားနှစ်ယောက်ကို အစားထိုးတယ်လို့ ခံစားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်လည်း စိတ်မကောင်းဖြစ် မှာပဲလေ။ မဟုတ်ဘဲ ဓားစာခံအဖြစ် လုပ်ခဲ့တယ်ဆိုတာ တစ်ကမ္ဘာလုံး အသိပါ။ အမေစု ထိုင်းဘက်ကိုသွားခဲ့တာတောင် ကြည့်လေ။ နားလှည့် ပါးရိုက်လုပ်ခဲ့တာပဲ။ သူတို့ပဲအားလုံး စီစဉ်သွားတာ။ မြန်မာအလုပ်သ မားတွေ ဘာစကားမှ အထွက်မခံဘူး။ အမေစုက ထိုင်းဘက်က မြန်မာ သံအမတ်ကို ဘာလုပ်ဘယ်လိုလုပ်ပြောနေပေမယ့် ဟိုဘက်မှာနေတဲ့သူ မြန်မာသံအမတ်က ထိုင်းအာဏာပိုင်တွေကို မကျော်နိုင်ဘူး။ အာဏာရှိမှာ မဟုတ်ဘူး။ အမေစုကိုယ်တိုင်သွား ခဲ့တဲ့ ခရီးမှာလည်း ထိုင်းဘက်က ပြောတာနဲ့ အလုပ်နဲ့တခြားစီပဲ။ အခုအမှုကိစ္စလည်း အမေစုကိုယ်တိုင် ထိုင်း ဘုရင်သွားပြီး အသနားခံလည်း သူတို့က ပြည်သူတွေကို ကြည့်တာမို့လို့ မအောင်မြင်ဘူးလို့ဘဲ မြင်ပါတယ်။ ထိုင်းဘုန်းကြီးကျောင်းကို ထိုင်းရဲတွေ ၀င်ရောက်စီးနင်းမှုအပေါ် မြန်မာနိုင်ငံကဆန္ဒပြတာ ကျွန်တော် အထင်မကြီးဘူး။ မြန်မာနိုင်ငံမှာဖြစ်တုန်းက ဘယ်သူမှမထွက်ဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက ကျွန်တော်မစိုးရိမ်တိုက်သစ်နားနေတယ်။ ဦးပဉ္စင်းတွေ တော်တော်များများကို ကူညီပေးခဲ့တယ်။အခုဆန္ဒပြနေကြတာ အပိုသက်သက်လုပ်နေတယ်လို့ မြင်ပါတယ်။ သူတို့ အခုလိုလုပ်လေ မြန်မာတွေကို ထိုင်း ဘက်ကပိုမုန်းလေလို့ ထင်ပါတယ်။
ဦးတင်သန်းဦး(စီးပွားရေးနှင့် ဥပဒေအကြံပေး)
ပြည်ပနိုင်ငံမှာ ပြစ်ဒဏ်ချခံထားရတဲ့ ကိုယ့်နိုင်ငံသားတွေ အဲဒီနိုင်ငံ ရဲ့ ဥပဒေနဲ့အညီ ကယ်တင်ဖို့၊ ကိုယ့်နိုင်ငံရဲ့ ဥပဒေနဲ့အညီ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ အယူခံဝင်ပေမယ့် အယူခံတွေမှာလည်း မထူးခြားသေး ဘူး။ ဥပဒေစကားနဲ့ပြောရရင် အမှုရဲ့ပထမသက်သေခံထွက်ချက်တွေ၊ သက်သေပေါ်ပေါက်ချက်တွေ အဲဒီလူသတ်နေရာမှာ သူတို့ရှိခဲ့လား မရှိ ခဲ့လားဆိုတာ သေချာမပေါ်ပေါက်ဘဲ သေဒဏ်စီရင်ခံရတာတော့ မြန်မာ နိုင်ငံသားအတွက် အင်မတန်ဝမ်းနည်းစရာကောင်းတယ်လို့ ပြောရမှာ ပါ။ ဥပဒေကျွမ်းကျင်ပြီး တတ်သိနားလည်သူတွေက ဒီအမှုကို အယူခံ အတွက်ပဲဖြစ်ဖြစ် ထိုင်းမှာမူလလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေနဲ့ တွေ့ဆုံပြီးတော့ နောက်ဆုံးအယူခံမှာ ပြန်လည်တည့်မတ်နိုင်တဲ့ အခွင့်အ လမ်းတော့ ရှိတယ်လို့ယူဆတယ်။ အမှုဖြစ်စဉ်ကို အစအဆုံးသေချာသုံး သပ်ပြီးတော့ ထိုင်းနိုင်ငံဥပဒေက မှားယွင်းစီရင်ထားတယ်ဆိုတာမထောက်ပြနိုင်ရင်တော့ ခက်ပါလိမ့်မယ်။ သက်သေခံဥပဒေက အဓိကကျတယ်။ သက်သေမခိုင်မာဘဲနဲ့ လူသားတစ်ယောက်ကို သေဒဏ်စီရင်တယ်ဆိုတာတော့ ဆန့်ကျင်ရမှာဖြစ်တယ်။ ပထမအစိုးရလက်ထက်မှာရော၊ဒုတိယအစိုးရလက်ထက်မှာရော ထိုင်းနိုင်ငံမှာ သေဒဏ်ပေးခံရတဲ့ နိုင်ငံသားနှစ်ဦးကိစ္စကို ဘယ်သူတွေလုပ်နေမှန်းမသိရတဲ့အတွက် ဝေဖန်ဖို့တော့ခက်တယ်။ ထိုင်းနိုင်ငံပိုင်နက်ထဲမှာ ဘုန်းကြီးကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းတဲ့ကိစ္စကို ဒီဘက်က ဘုန်းကြီးတွေက ဆန္ဒပြလုပ်ဆောင်မှုတွေကို မပြောလိုပေမယ့် ထိရောက်တဲ့လုပ်ဆောင်မှုလို့ ပြောလို့မရပါဘူး။ ဒီကဘုန်းကြီးကျောင်းတွေကို ၀င်စီးခံရတဲ့အခါ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေက ဘာမှအသံမကြားရဘူး။ ကျွန်တော်တို့ နိုင်ငံသားနှစ်ယောက်ကို တကယ်ကကယ်တင်ချင်တယ်ဆိုရင် နိုင်ငံတော်ကနေ အဲဒီကိစ္စကို ဘယ်ရှေ့နေက တာဝန်ယူပြီး ဆောင်ရွက်နေလဲ။ အဲဒီရှေ့နေနဲ့ ဆွေးနွေးပြီးတော့ ထိုင်းရှေ့နေနဲ့ ချိတ်ဆက်ပြီး တွေ့ဆုံချင်ပါ တယ်။ တွေ့ဆုံပြီးမှ ဆရာတို့ တတ်ကျွမ်းတဲ့ ဥပဒေအရ နိုင်ငံသားနှစ်ယောက်ကို ဥပဒေမဲ့ချခံထားရတာလား၊ မချခံထားရတာလား။ အချက်တွေဖော်ထုတ်ပြီး နောက်ဆုံးအယူခံအတွက် ကြိုးစားသင့်တယ်။ ဆရာ ကိုယ်တိုင်လည်း ရှေ့နေချုပ်ကိုတင်ပြဖို့ရှိတယ်။ သူတို့အတွက် ကြိုးစားပေးမှာပါ။
ဦးထူးချစ် (မြန်မာသံရုံးအထူးအဖွဲ့၊ လိပ်ကျွန်းအရေးဆောင်ရွက်သူ)
ပြီးခဲ့တဲ့အစိုးရရော၊ လက်ရှိအစိုးရရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကအစ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး သူတို့တတ်နိုင်သ လောက် လုပ်ပေးခဲ့တယ်လို့မြင်ပါတယ်။ ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဆိုရင် ထဲထဲဝင်ဝင်ပြော ဆိုပေးခဲ့တာမျိုးတွေအထိရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအ မတ်ကြီးဟောင်း ဦးဝင်းမောင်ဆိုရင်လည်းမြန်မာနိုင်ငံသံတမန် တစ် ယောက်အနေနဲ့ ထိုင်းရှေ့နေများကောင်စီကို ကိုယ်တိုင်သွားရောက်ပြီး အကူအညီတောင်းခဲ့တဲ့အထိ သမိုင်းတွင်စေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရအနေနဲ့ အခုကျင့်သုံးနေတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးမူဝါဒတွေကိုတော့ ပြန်လည်စိစစ်ဖို့လိုနေပါ သေးတယ်။ ပိုပြီးအရေးကြီးတာ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အခုထက်ပိုပြီး စနစ်ကျတဲ့ စုဖွဲ့မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ အပြန်အလှန် လေးစားဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ထိုင်း-မြန်မာရေရှည်ဆက်ဆံရေးအတွက် လိပ်ကျွန်းလူသတ်မှုကို အခွင့်ကောင်းယူနေတဲ့ အမျိုးသားရေး အစွန်း ရောက်တွေကိုလည်း စနစ်တကျကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ လိပ် ကျွန်းအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ တက်တက်ကြွကြွ ပါဝင်တာတွေ့ခဲ့ရပေမယ့် တချို့အရေးကြီးတဲ့ သက်သေအထောက်အ ထားတွေပံ့ပိုးပေးနိုင်ခဲ့မှု အားနည်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး လုပ်ကိုင်နေရတဲ့ ကျွန်တော်တို့လို အဖွဲ့အစည်းတွေအနေနဲ့ ကန့်သတ်ချက်တွေ အရမ်းကို များခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်နိုင်သလောက် (လုပ်ချင်သလောက်) မလုပ်နိုင်ခဲ့ပါဘူး။
ကိုအောင်ကိုသက် (ပြည်မြို့ခံတစ်ဦး)
တခြားနိုင်ငံမှာ ကိုယ့်နိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံရတာ အင် မတန် စိတ်မကောင်းဖြစ်မိတယ်။ ဘာသာစကားနားလည်နိုင်မှု အား နည်းတာတွေ၊ တရားမျှမှုအတွက် အကူအညီတွေ လိုအပ်မှာအမှန်ပဲ။ အဆိုးရွားဆုံးကတော့ အမှန်တကယ် မကျူးလွန်ဘဲ ပြစ်ဒဏ်ချမှတ်ခံရမှာ ကို အစိုးရိမ်ဆုံးပါပဲ။ ကျွန်တော်တို့အနေနဲ့ကလည်း ဂျာနယ်၊ သတင်းစာ တွေ၊ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ မြန်မာအလုပ်သမား နှစ်ဦးရဲ့အမှုကို ဖတ်ရသိရတာပါ။ မြန်မာနိုင်ငံအတွင်းက နိုင်ငံသားတွေ ကလည်း မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်က လွတ်မြောက်ဖို့၊ တရားမျှတဖို့ တောင်းဆိုဆန္ဒပြနေတာတွေလည်း သိရတယ်။ မြန်မာအ လုပ်သမားနှစ်ဦးက အမှန်တကယ်မကျူးလွန်ခဲ့ဘူး၊ အမှုက မမှန်ကန် ဘူးဆိုရင်တော့ အရင်အစိုးရရော၊ အခုအစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ် ကျေနပ်မှုသိပ်မရှိလှဘူး။ အမေရိကန်နိုင်ငံအစိုးရလိုမျိုးနဲ့ သူ့နိုင်ငံသားတွေအပေါ် တန်ဖိုးထားတာကို ယှဉ်ကြည့်တာပါ။ အစိုးရအနေနဲ့တော့ ထိုင်းဘုရင်ထံ အသနားခံစာတင်ရသည်ဖြစ်စေ၊ နောက်ဆုံးအဆင့် ဘယ်လိုပဲရောက်နေနေ ကိုယ့်နိုင်ငံသား နှစ်ဦးရဲ့ တရားမျှတမှု၊ အမှုမှန်ကန်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သင့်တယ်။ ဘာဖြစ်ဖြစ် တရားမျှတပြီး အမှုမှန်ဖို့ရယ်၊ ကိုယ့်နိုင်ငံသားနှစ်ဦးကို သေဒဏ်က လွတ်မြောက်စေချင်တယ်။
ကိုမင်းစည်သူ (ထိုင်းနိုင်ငံရောက်မြန်မာလုပ်သား)
ကိုယ့်နိုင်ငံသားဖြစ်တဲ့ ရခိုင်တိုင်းရင်းသား ဒီညီလေးနှစ်ယောက်အ တွက် ဦးစွာပထမ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ အဆိုးဆုံးဖြစ် ခဲ့လို့ နောက်ဆုံးအဆင့်ထပ်အမိန့်ချခံရရင်တောင် မသေမီနောက်ဆုံးနေ့ အထိ ညီလေးတွေရဲ့ ကံကြမ္မာအတွက် လုပ်ဆောင်ဖို့အခွင့်အလမ်း မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။ မျှော်လင့်ဆုတောင်းနေဦးမှာပါ။ နောက်တစ်ခုက ဒီလိုပြဿနာတွေ၊ ထိုင်းနိုင်ငံမှာဖြစ်ခဲ့တာတွေ မရေ တွက်နိုင်လောက်အောင်ကို ရှိနေခဲ့တာပါ။ လူ့အခွင့်အရေး ချိုးဖောက်ခံရ တာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးတာတွေ၊ အသက်ဆုံးရှုံးရတာ၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေ မြန်မာအမျိုးသမီးတွေရဲ့ ဘ၀တွေ လူမသိ သူမသိ အညွန့်ကျိုးခဲ့ရတာတွေလည်း ဒုနဲ့ဒေးပါ။ ဒီလိုပြဿနာ တွေဖြစ်လာရခြင်းရဲ့ အရင်းအမြစ်ကို ရှာရရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံတော် ဂုဏ်သိက္ခာပိုင်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီညီလေးနှစ်ယောက်သာ အမေရိကန်(သို့မဟုတ်)သြစတြေးလျတို့လိုနိုင်ငံက နိုင်ငံသားတွေဖြစ်ခဲ့မယ်ဆိုရင် ဒီအမှုအသွားအလာဟာ ပုံစံတစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာပါ။ ဒီအမှုဖြစ်စဉ်ကာလက မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ မျက်နှာမွဲနိုင်ငံပါ။ ဒါပေမဲ့ အခု ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ဒီလိုအနှိမ်ခံဘ၀တွေက ရုန်းထွက်ချင်လို့ အစိုးရသစ်တစ်ရပ်ကို တက်ညီ လက်ညီ ဖော်ဆောင်ခဲ့ပြီ။ ဒီအစိုးရသစ်က ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကောင်းဆုံးကာကွယ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီညီလေးတွေရဲ့ ကံကြမ္မာကိုလည်း လက်ရှိ အစိုးရအနေနဲ့အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါစေလို့ လည်း ဆုတောင်းပါတယ်။ ကျွန်တော်မြင်သလောက်က လက်ရှိအနေအ ထားမှာ ဒီအမှုကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့အပိုင်းမှာ အားနည်းချက်တွေ အများကြီးပြုပြင်ရဦးမယ်လို့ထင်ပါတယ်။ ပြည်သူအပေါ် စေတနာ ကောင်းဖို့အပြင် လုပ်ရပ်ပါကောင်းမှ ပြည်သူတွေ တကယ်အကျိုးခံစားရမှာမို့ အရင်ကထက်ပိုပြီး အားစိုက် လုပ်ဆောင်ပေးဖို့၊ လိုအပ်ရင် ပြုပြင်ပြောင်းလဲပြီး ပိုပြီးထိရောက်အကျိုးရှိအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်း လိုပါတယ်။ ဒါမှလည်း ပြည်သူ့လိုအင်ဆန္ဒကို အမှန်တကယ်ဖြည့်ဆည်းရာ ရောက်မှာပါ။
ဦးငိုင်ဆာခ့် (ဥက္ကဋ္ဌ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်)
ဆရာတို့က တရားသူကြီးကနေ အငြိမ်းစားယူထားတာဆိုတော့ တရားသူကြီးအမြင်နဲ့ ပြောရမယ်ဆိုရင် တရားရုံးက ချမှတ်တဲ့အပေါ်မှာ၊ အထောက်အထားအပေါ်မှာ ဆုံးဖြတ်တယ်လို့ပဲ ယူဆတယ်။ အပြင်အ နေနဲ့ အပြစ်မရှိဘူးလို့ သုံးသပ်သော်ငြားလည်း ရဲတွေက အမှုတည် ဆောက်တဲ့အခါမှာ သူတို့က ဘယ်လိုတည်ဆောက်ပြီး အပြစ်ပေးလဲဆို တာမျိုးက အပြင်အနေနဲ့တော့ ပြောရခက်တယ်။ တရားရုံးက အမှုစစ်ပြီး၊ ဆုံးဖြတ်ပြီး အမိန့်ချတာကို ဆရာ့အနေနဲ့ ဘာမှမပြောချင်ဘူး။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အောက်ရုံးဖြစ်စေ၊ မူလရုံးဖြစ်စေ၊ အယူခံရုံးဖြစ်စေ မှား နိုင်တယ်။ မှားနိုင်တဲ့အတွက်ကြောင့် ထပ်ပြီးတော့ အဆင့်မြင့်ရုံးကို အယူခံပြန်တက်သင့်ပါတယ်။ ဒါကို ဆောင်ရွက်ရမှာပါ။ မြန်မာနိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားဖြစ်စေ၊ တခြားနိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသားဖြစ်စေ သူ့သက်ဆိုင်ရာနိုင်ငံက ပြဋ္ဌာန်းတဲ့ ဥပဒေတွေကို လိုက်နာရမှာပေါ့။ ဥပဒေက ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ပဲ လိုက်နာလိုက်နာ၊ တခြားနိုင်ငံဖြစ်တဲ့အခါ သက်ဆိုင်ရာနိုင်ငံသား လူများစုတွေက အနိုင်ကျင့်တာမျိုးတော့ ခံရနိုင် တယ်လေ။ ဒီလိုမျိုးခံရတဲ့အခါ ကိုယ့်ဘက်က တရားမ၀င်သွားတဲ့အခါမျိုးမှာ အကူအညီရဖို့နည်းတယ်။ တရားဝင်သွားရင်တော့ သက်ဆိုင်ရာသံရုံးကနေ ဆောင်ရွက်လို့ရတယ်။ လက်ရှိအမိန့်ချခံရတဲ့ နှစ်ဦးကတော့အမှုတွဲကို သေချာမဖတ်ဘဲနဲ့ အကြောင်းအရာကို သေချာမဖတ်ဘဲနဲ့ အပြင်ဘက်ကနေ မှတ်ချက်ပေးရတာ တော်တော်ခက်တယ်။ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာက နံပါတ်(၁)က ဒီအမှုဟာ သက်သေဘယ်လောက်ခိုင်လုံသလဲ၊ နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီအမှုရဲ့ အမိန့်တွေကို ကူးပြီးတော့ ခိုင်လုံမှုတကယ် မရှိဘူးဆိုရင် အယူခံအဆင့်ဆင့်တက်သင့်တယ်။ တကယ်လို့ အယူခံအဆင့်ဆင့်တက်သော်ငြားလည်း အမှုမှာ ခိုင်လုံလို့ ထိုင်းရဲ့ အမြင့်ဆုံးတရားရုံးက အမိန့်ချပြီဆိုရင် ထိုင်းတရားရုံးက အမိန့်ချတဲ့ဟာကို တကယ်လို့ အပြီးသတ်သွားပြီဆိုရင်တော့လည်း သက်ဆိုင်ရာ နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်အနေနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနဲ့ ပြန်လည်သင့်မြတ်မှုကအစ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး လွတ်ငြိမ်းချမ်းသာခွင့်ရနိုင်အောင် ဆောင်ရွက်မယ်လို့ ယူဆပါတယ်။
===================
251/End
၆ မတ် ၂၀၁၇ - ၁၈:၂၇
News ID: 816046
သေဒဏ်ကျခံနေရသည့် မြန်မာလုပ်သားနှစ်ဦး၏ အယူခံကို ထိုင်းအယူခံအောက်ရုံးက ပယ်ချခဲ့ပြီး မူလ သေဒဏ်ကို အတည်ပြုခဲ့သည်။