အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ် သံဖြူ ဇရပ်မြို့လယ်အ၀ိုင်းပတ်တွင် တည်ဆောက်ထားသော ရွှေဟင်္သာရုပ်တုသည် ဘိလပ်မြေ တင်ဆောင်လာသည့် ၁၀ ဘီးကားက ၀င်တိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေဟင်္သာရုပ်တုကို သံဖြူ ဇရပ်မြို့ခံများက ကျပ်သိန်း ၁၀၀ ကျော် အကုန်ကျခံကာ အကြိမ် (၇၀)မြောက် မွန်အမျိုးသားနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)က ဖွင့်ပွဲပြုလုပ်ခဲ့ပြီး နှစ်လအကြာ၌ ယခုကဲ့သို့ ကားဝင်တိုက်ခဲ့ခြင်း ဖြစ် သည်။
‘‘အခုလက်ရှိအချိန်ကတော့ ယာဉ်နံပါတ်နဲ့ပဲ အရေးယူထား တယ်။ စည်ပင်အနေနဲ့ ဘယ်လို အရေးယူမလဲဆိုတာတော့ ဆွေး နွေးနေတုန်းပဲ ပြည်သူပိုင်ပစ္စည်း ၆(၁)နဲ့ တရားစွဲမလား၊ စည်ပင် ဥပဒေနဲ့ပဲ တရားစွဲမလား ဆွေး နွေးတုန်းပဲ။ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၁၅၀ လောက်ရှိတယ်’’ဟု စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးထွန်းမြင့်ကျော်က ပြော ကြားသည်။
မော်လမြိုင်မှ ရေးမြို့သို့ သွားရန် ဘိလပ်မြေတင်ဆောင် လာသည့် ၁၀ ဘီးကားသည် ဧပြီ၂၆ ရက် မွန်းလွဲ ၂ နာရီက သံ ဖြူဇရပ်မြို့လယ် အ၀ိုင်းပတ်အ ရောက် အရှိန်မထိန်းနိုင်ဘဲ ရွှေ ဟင်္သာရုပ်တုကို တိုက်မိခြင်း ဖြစ် သည်။
‘‘အ၀ိုင်းကို ၀င်တိုက်တဲ့အ ရှိန်က တော်တော်ပြင်းတယ်။ လူ ပါသေပြီလားတောင် ထင်ရတယ်။ တိုက်မိတဲ့အချိန်မှာ ကျွန်တော်တို့သွားကြည့်တော့ ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော မူးနေတာတွေ့ရတယ်’’ ဟု ယာဉ်မတော်တဆမှု အနီးရှိ ဆိုင်ကယ်အငှားဂိတ်မှ အငှားယာဉ်မောင်းသမားတစ်ဦးက ပြောသည်။
ယာဉ်ပေါ်ပါ ယာဉ်နောက် လိုက် မျိုးဇော်လတ် (ခ)ဇော်ငယ်နှင့် ယာဉ်မောင်း ဦးမြင့်ဦးသည် ထိခိုက်မှုမရှိသော်လည်း သံဖြူဇရပ်မြို့မရဲစခန်းက ပုဒ်မ ၂၀/၂၀၇/၂၉၇ အမှုဖွင့်လှစ်ထားကြောင်း ရဲစခန်းရဲမှတ်တမ်းအရ သတင်းရရှိသည်။
===================
251/End
၂၇ ဧပြီ ၂၀၁၇ - ၁၄:၂၃
News ID: 826335
မွန်ပြည်နယ် သံဖြူ ဇရပ်မြို့လယ်အ၀ိုင်းပတ်တွင် တည်ဆောက်ထားသော ရွှေဟင်္သာရုပ်တုသည် ဘိလပ်မြေ တင်ဆောင်လာသည့် ၁၀ ဘီးကားက ၀င်တိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။