၁၄ ဇွန် ၂၀၁၇ - ၁၆:၄၈
ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွင်ပါဝင်သူ ဦးဟန်ယောင်ဝေကို မြန်မာအစိုးရ ပြည်ဝင်ခွင့်ဗီဇာမပေးဟုဆို

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကူညီပေးနေသူ ဦးဟန်ယောင်ဝေအား မြန်မာအစိုးရက ဇွန်လ ၉ ရက်နေ့မှစ၍ ပြည်ဝင်ခွင့် ဗီဇာမပေးတော့သဖြင့် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ရသည်ဟု ပြည်ထောင်စု အင်စတီကျူမှ ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကူညီပေးနေသူ ဦးဟန်ယောင်ဝေအား မြန်မာအစိုးရက ဇွန်လ ၉ ရက်နေ့မှစ၍ ပြည်ဝင်ခွင့် ဗီဇာမပေးတော့သဖြင့် မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့ရသည်ဟု ပြည်ထောင်စု အင်စတီကျူမှ ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

 ဦးဟန်ယောင်ဝေအား ၂၀၁၁ ခုနှစ်မှစတင်၍ တစ်နှစ်တစ်ကြိမ် မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် ပြည်ဝင်ခွင့်ဗီဇာအတွက် ဧပြီလကတည်းတောင်းမှုကို မပေးခြင်းဖြစ်ကြောင်း ဦးခွန်စိုင်းက မဇ္ဈိမကို ပြောသည်။

“သူက ၂၀၁၁ ခုနှစ်ကတည်းကစပြီးတော့ နှစ်တိုင်း တစ်နှစ်တစ်ကြိမ် multible entry visa ရထားတာ။ အဲဒီတော့ တစ်နှစ်ကို ၇ ရက်လား၊ ၁၀ ရက်လား အမြဲတမ်းရတယ်။ ကနေဒါနိုင်ငံမှာရှိနေတဲ့   မြန်မာသံရုံးက အမြဲတမ်းထုတ်ပေးတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မြန်မာသံရုံးကိုယ်တိုင်က အံ့အားသင့်နေတယ်။ ဒီနှစ်ကဘာဖြစ်လဲမသိဘူး ကျနော်တို့ ထုတ်ပေးဖို့အခွင့်မရဘူးဆိုတဲ့အခါကြတော့ သူက မြန်မာပြည်ကနေ ပြန်ထွက်လာတယ်”ဟု သူက ပြောသည်။

အစိုးရဘက်မှ မည်သည့်အကြောင်းအရင်းကြောင့် ဗီဇာ ထုတ်မပေးသည်ကို မသိရသေးသော်လည်း ပြီးခဲ့သည့် မေလ ၂၉ ရက်က ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံ အစည်းအဝေးတွင်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းတွင် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံး ကူညီရန်ဖိတ်ခေါ်ပြောဆိုမှုနှင့် ဆန့်ကျင်နေသဖြင့် နားမလည်နိုင် ဖြစ်နေသည်ဟု ဦးခွန်စိုင်းက ပြောသည်။

“တခုဖြစ်နိုင်တာကတော့ အစိုးရဘက်မှာ သူနဲ့ ပတ်သက်ပြီးတော့မှ မကောင်းတဲ့ (negative) သတင်းအချက်အလက်များ ရထားသလား။ အဲဒီမေးခွန်းရှိတာပေါ့။ တကယ်လို့ ရှိတယ်ဆိုရင်လည်း သူနဲ့ ပူးတွဲလုပ်ခဲ့တဲ့ လူကြီးတွေ အကုန်လုံးကို မေးလို့ရတယ်။ မေးလည်း မေးစေချင်ပါတယ်။”ဟု သူက ပြောသည်။

 ဦးဟန်ယောင်ဝေသည် ဥရောပ-မြန်မာရုံး (EURO-Burma Office) ဒါရိုက်တာ ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သည်။ ဥရောပ-မြန်မာရုံး (EURO-Burma Office)သည် လက်ရှိ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ငွေကြေးထောက်ပံ့ပေးသည့် အဖွဲ့လည်းဖြစ်သည်။

သူသည် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်ကတည်းက ဥရောပ-မြန်မာရုံး လက်အောက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး ပရိုဂရမ် (National Reconciliation Program (NRP)မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်စပ်တစ်လျှောက်ရှိ CSO များ၊ နိုင်ငံရေးပါတီများကို ပံ့ပိုးကူညီထောက်ပံ့ပေးမှုများရှိခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရက ဖိတ်ခေါ်ခြင်းနှင့် ဥရောပနိုင်ငံကလည်း ပါဝင်ကူညီရန် တိုက်တွန်းခဲ့ခြင်းကြောင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးခွန်စိုင်းက ပြောသည်။

ဥရောပ-မြန်မာရုံးကို ၂၀၀၇ ခုနှစ်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အသက် ၆၉ နှစ်အရွယ် ဦးဟန်ယောင်ဝေသည် မြန်မာနိုင်ငံ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ အငယ်ဆုံးသားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကာ ကနေဒါနိုင်ငံသားခံယူခဲ့သည်။ ထိုမှ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ရရှိခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့သူ ဖြစ်သည်။

=====================
251/ End