အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ ဇူလိုင် ၂ ။ ။ ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရုံနှင့် နိုင်ငံရေးပြသာနာများပြေလည်သွားမည် မဟုတ်ဟု “ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ “ (EAO Peace Process Steering Team-EAO PPST) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောဆိုလိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ဖွဲ့ထားသည့် PPST ၏ ထိုင်းနိုင်ငံ ချင်းမိုင်းမြို့တွင်ပြုလုပ်နေသည့် ၂၂ ကြိမ်မြောက် အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ၂၁ ရာစုပင်လုံအစည်းအဝေးကျင်းပနိုင်ရုံနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အရင်းခံနိုင်ငံရေးပြသာနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးဆိုတာလည်း သတိမူကြစေလိုပါတယ် “ ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်အရ ညီလာခံတစ်ခုကိုရောက်ရန် အစည်းအဝေးများစွာ ကျော်ဖြတ်ရမည် ဖြစ်ပြီး သက်ဆိုင်သူများအကြား အစည်းအဝေးများတွင် မည်သည့်အတိုင်းအတာအထိအောင်မြင်စွာ ညှိနှိုင်းခဲ့သလဲဟူသည့်အချက်ပေါ်တွင် မူတည်နေသောကြောင့်ဟု ၄င်းကဆိုသည်။
ထို့ကြောင့် အမြင်ကျယ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ခံယူချက်၊ သဘောထား အမြင်တွေ ကိုယ်စီထားရှိကြရမှာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက် များကိုပြင်ဆင်နိုင်သည့် နိုင်ငံရေးအရ လွှမ်းခြုံသော အခြေခံမူတွေရရှိရေးကို ဦးတည်စဉ်းစားအဖြေထုတ်လိုတဲ့ ဆန္ဒမွန်ရှိဖို့လည်း အရေးကြီးသည်ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကဆက်လက်ပြောဆိုခဲ့သည်။
မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ (၂၂) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၁ ရက်နေ့မှ ၂ ရက်နေ့ထိပြုလုပ်ကြမည်လည်းဖြစ်သည်။
အစည်းအဝေးတွင် PPST အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများဖြစ်သည့် လုံခြုံရေးကဏ္ဍ အလွတ်သဘော အစည်းအဝေး၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် အစည်းအဝေး နှင့် ၁၅ ကြိမ်မြောက် UPDJC အစည်းဝေးများနှင့် ပတ်သက်၍ အစီရင်ခံတင်ပြခြင်း နှင့်တတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်သွားမည် ဖြစ်ကြောင်းသိရသည်။
=======================
251 / End
၂ ဇူလိုင် ၂၀၁၈ - ၁၂:၅၇
News ID: 900118
ရန်ကုန်၊ ဇူလိုင် ၂ ။ ။ ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရုံနှင့် နိုင်ငံရေးပြသာနာများပြေလည်သွားမည် မဟုတ်ဟု “ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ “ (EAO Peace Process Steering Team-EAO PPST) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောဆိုလိုက်သည်။