၃ ဇူလိုင် ၂၀၁၈ - ၁၆:၃၄
သုံးကြိမ်မြောက် စမ်းသပ်စရာမလိုသော

တပ်မတော် နောက်ဆုံး အကြိမ် အာဏာသိမ်းစဉ်က ၂၃ နှစ်အထိ ကြာခဲ့သော မြန်မာနိုင်ငံ တွင် ‘အာဏာသိမ်းမည်’ဟူသည့် စကားလုံးက သက်ရောက်မှုကြီး သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော် နောက်ဆုံး အကြိမ် အာဏာသိမ်းစဉ်က ၂၃ နှစ်အထိ ကြာခဲ့သော မြန်မာနိုင်ငံ တွင် ‘အာဏာသိမ်းမည်’ဟူသည့် စကားလုံးက သက်ရောက်မှုကြီး သည်။

 မကြာသေးမီက ဘန် ကောက်ပို့စ်သတင်းစာတွင် ဖော် ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ကို အကြောင်းပြုကာ တပ်မတော်က အာဏာသိမ်းမည်ဟူသော အသံများ ထွက်ပေါ်လာသည်။

အထူးသဖြင့် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်ပြီး လွှတ် တော်တွင် အာဏာရပါတီနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ လူသိရှင်ကြား သဘောထား ကွဲလွဲနေချိန်တွင် ဖြစ်သည်။ လွှတ်တော်ကျင်းပမည့် မူလအစီအစဉ်ကို ဖျက်သိမ်းပြီး ပြုလုပ်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင် များ၏ ထိပ်သီးဆွေးနွေးပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က စစ်အုပ်ချုပ်ရေးနှင့် ခြိမ်း ခြောက်ပြီး ဒေါသတကြီး ပြောခဲ့ ကြောင်း၊ တပ်မတော်အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာ ဏာပြန်ယူနိုင်ကြောင်း ပြောခဲ့ သည်ဟု တပ်မတော်ထိပ်ပိုင်းနှင့် နီးစပ်သော သတင်းရင်းမြစ်များ ကို ကိုးကားသည်ဆိုကာ လယ်ရီ ဂျေဂင်က ဘန်ကောက်ပို့စ်တွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ သည်။

လယ်ရီ၏ အရင်းအမြစ်များ မှာ မည်သူမှန်းမသိပေ။ သို့သော် အာဏာသိမ်းနိုင်၏၊ မသိမ်းနိုင်၏ မှာ နိုင်ငံရေးစကားဝိုင်းများတွင် ဆွေးနွေးငြင်းခုံခဲ့သည်။

သမ္မတရုံးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် က ထွက်ပြောမှသာ အာဏာ သိမ်းနိုင်သည်ဟူသောစကားလုံး ၏ ခြောက်လှန့်မှုအောက်မှ လွတ် မြောက်ခဲ့ရသည်။

‘‘ဘန်ကောက်ပို့စ်မှာ လယ် ရီဂျေဂင်ရဲ့ ဆောင်းပါးနဲ့ပတ် သက်လို့ သမ္မတရယ်၊ အတိုင်ပင် ခံရယ်၊ တပ်ချုပ်ရယ်၊ ဒုသမ္မတ တွေနဲ့ အစည်းအဝေးမှာ ပြဿနာ တွေဖြစ်တယ်။ အာဏာသိမ်းမယ် ဆိုပြီးတော့ ခြိမ်းခြောက်တယ်ဆို ပြီး ရေးထားတဲ့ဟာက လုံးဝမှားပါ တယ်။ အဲဒီအစည်းအဝေးအခန်း ထဲမှာ ကျွန်တော်တို့လည်းပဲရှိပါ တယ်။ ဘန်ကောက်ပို့စ်မှာ ရေး ထားသလိုမျိုး တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ အာဏာသိမ်းဖို့အထိ ပြောတယ် ဆိုတဲ့ဟာတွေက လုံးဝမှားပါတယ်’’ဟု သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည်လည်း လယ်ရီ ဂျေဂင်၏ ဆောင်းပါးနှင့်ပတ် သက်၍ စာနယ်ဇင်းကောင်စီအဖွဲ့ ဝင်များနှင့် ဇွန်လ ၂၈ ရက်က တွေ့ဆုံစဉ် ရှင်းပြသေးသည်။


ဘန်ကောက်ပို့စ်၌ ဖော်ပြခဲ့သော လယ်ရီဂျေဂင်၏ ဆောင်းပါး

‘‘လယ်ရီဂျေဂင်ကိစ္စနဲ့ပတ် သက်လို့ သူပြောတာကတော့ ဒါ အချက်အလက်လည်း မမှန်ဘူး ပေါ့။ အဲဒီလိုလည်း ဖြစ်ပျက်ခဲ့တာ လည်း မဟုတ်ဘူး။ တမင်ရည် ရွယ်ချက်ရှိရှိနဲ့ ရေးတဲ့သဘောမျိုး ပြောတာပါ’’ဟု ကောင်စီဝင် ဦး မြင့်ကျော်က တပ်ချုပ်၏ သဘော ထားကို မီဒီယာများ မေးမြန်းမှု အား ပြန်လည်ဖြေကြားသည်။

  ဆက်လက်၍‘‘တကယ် တမ်း အဲဒီနေ့က အစည်းအဝေးပွဲ မှာ စုံစမ်းရေးကော်မရှင်ဖွဲ့တဲ့ကိစ္စ နဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ် တဲ့။ ပထမဆုံးသမ္မတကပြော တယ်။ နောက်ပြီးတော့ ဒုတိယ သမ္မတ ဦးမြင့်ဆွေကပြောတယ်။ နောက်ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံပြောတယ်။ ပြီးတော့ သူ (တပ်မတော်ကာကွယ်ရေးဦး စီးချုပ်)ပြောတယ်ပေါ့။ သူတို့က လည်း သူတို့ရဲ့အမြင်၊ သူတို့ဖြစ် သင့်ဖြစ်ထိုက်တဲ့ အနေအထား မျိုး၊ အကြံပြုတဲ့ ဆွေးနွေးချက်မျိုး ပဲရှိတယ်ဆိုတာမျိုး ပြေတယ်’’ ဟု ဦးမြင့်ကျော်က ဆက်လက်ပြော ကြားသည်။

တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက် များကြောင့် အာဏာသိမ်းစရာ မလိုကြောင်း နိုင်ငံရေးအကဲခတ် များက မှတ်ချက်ပြုသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာရပြီးသားလေ။ ဘာသိမ်း စရာလိုလဲဗျာ’’ဟု နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေဖြင့် စိတ်လိုက်မာန်ပါ ပြောဆိုသော စကားလုံး ရှိကောင်း ရှိနိုင်သော်လည်း လက်ရှိတွင် အာဏာသိမ်းရန် သဘောထား မရှိနိုင်ကြောင်း ၎င်းကဆိုသည်။

တပ်မတော်က ပရိုတိုကော ကို လိုက်နာတတ်၍ အာဏာ သိမ်းမည်ဟူသော စကားကို ပြော ခဲ့မည်ဟု မထင်သေးကြောင်း မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ သင်တန်းရေး ရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

အာဏာပြန်သိမ်းပါက စီး ပွားရေးပိတ်ဆို့မှုအပါအဝင် ဖိ အားများစွာ ရှိနိုင်ပြီး ရခိုင်အရေးနဲ့ ပတ်သက်၍ နာမည်ပျက်နေမှုကို ဖြေရှင်းနေချိန်တွင် ပို၍ပင်မဖြစ် နိုင်ကြောင်း ၎င်းကထောက်ပြ သည်။

‘‘အခြေခံဥပဒေအရလည်း အထူးအခွင့်အရေးတွေရထား တယ်။ ဒီတော့ အစိုးရရှိခြင်းအား ဖြင့် သူတို့အတွက် ပိုအကာ အကွယ်ဖြစ်တာပေါ့’’ဟု ဦး အောင်သူငြိမ်းက ပြောသည်။

 သို့သော် ပထမအကြိမ် ပြည်သူ့လွှတ်တော်  ကိုယ်စား လှယ် ဦးရဲထွန်းကမူ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး ခြိမ်းခြောက်လာနိုင်သော အခြေ အနေမျိုးရှိလာလျှင် အာဏာသိမ်း မှု မဖြစ်နိုင်ဟု ပြော၍မရကြောင်း ဆိုသည်။

‘‘တပ်မတော်ကို ချောင်ပိတ် ပြီး နိုင်ငံခြားနဲ့ ပူးပေါင်းလုပ်တယ် ဆိုတဲ့ ခံစားချက်မျိုး ဖြစ်သွားရင် မကောင်းဘူး။ အဲဒီလိုလုပ်တယ် လို့လည်း ကျွန်တော်ကတော့ မထင်ပါဘူးဗျာ။ သို့သော်လုပ် တာကိုင်တာတွေမှာ တိုင်တိုင်ပင် ပင် ရှိသင့်တယ်။ စည်းလုံးညီ ညွတ်ရေးအတွက်ပါ’’ဟု ဦးရဲ ထွန်းကဆိုသည်။

အရပ်ဘက်-စစ်ဘက် ပုံမှန် ဆက်ဆံရေး လမ်းကြောင်းဖြစ် သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ပုံမှန်ခေါ်ပြီး ဆွေးနွေးတိုင်ပင်ခြင်း က အစိုးရနှင့် တပ်မတော်အကြား သံသယများ လျော့ပါးစရာအဖြေ ဟု ၎င်းကအကြံပြုသည်။

‘‘ကာလုံသာ ပုံမှန်လုပ်ပြီး အမြင်တွေ ဖလှယ်ကြရင် နား လည်မှုပိုရပြီး ဒီလိုလုပ်တာဟာ ငါတို့ကို လုပ်တာမဟုတ်ဘူး။ တိုင်းပြည်ကို ဖိအားလျော့အောင် လုပ်တာပဲဆိုတာ နားလည်တဲ့ အခါ အထင်အမြင်လွဲတာတွေ မဖြစ်တော့ဘူးဗျာ’’ဟု ဦးရဲထွန်း က ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မ တော်က ၁၉၆၂ နှင့် ၁၉၈၈ တွင် နှစ်ကြိမ် အာဏာသိမ်းခဲ့သည်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြီး အာဏာသိမ်းမှုသည် ၂၀၁၁ မှ အဆုံးသတ်ခဲ့သည်။ သို့ဖြစ်ရာ နောက်ဆုံးအကြိမ် အာဏာသိမ်း မှုမှာ စုစုပေါင်း ၂၃ နှစ်ကြာခဲ့ သည်။

  ‘နိုင်ငံတော်တစ်ဝန်းလုံး အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီထိန်း သိမ်း’ဟူသော စကားလုံးနှင့် စသည့် (၁/၈၈) ကြေညာချက်ကို ထုတ်ပြန်ခဲ့ချိန်သည် ယခုနှစ် စက် တင်ဘာ ၁၈ ရက်တွင် နှစ်၃၀ တင်းတင်း ပြည့်မည်ဖြစ်သည်။

၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် ကာလများတွင် တပ်မတော်က နိုင်ငံရေးဖြစ်စဉ်၌ ပါဝင်ခွင့်မရှိ ခဲ့၍ အာဏာသိမ်းသည့် လမ်း တစ်ခုသာ ရွေးခဲ့ရကြောင်း တပ် မတော်တွင် တာဝန်ထမ်းဆောင် ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးရဲထွဋ်က ပြောသည်။

‘‘အဲဒီ နိုင်ငံရေးအကျပ် အတည်းတွေတုန်းက သူကြားဝင် လို့ရတာက အာဏာသိမ်းတဲ့နည်း လမ်းတစ်ခုပဲ ရှိတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ လွှတ်တော်၌ လည်းကောင်း၊ အစိုးရအဖွဲ့တွင် ဒုသမ္မတတစ်ဦးနှင့် အရေးကြီး ဝန်ကြီးသုံးနေရာရထား၍ ဒါ ကြောင့် အာဏာသိမ်းရန် မဖြစ် နိုင်ဟု ဦးရဲထွဋ်ကပြောသည်။

‘‘အစိုးရအဖွဲ့ကို ညွန့်ပေါင်း အစိုးရလို့ မြင်ကြည့်ရင် တပ် မတော်က ညွန့်ပေါင်းအစိုးရအဖွဲ့ ဝင်ပဲ။ ကာလုံလိုအခြေခံဥပဒေထဲ က ပေးထားတဲ့ အခွင့်အရေးများနဲ့ ပဲ ဖြေရှင်းတာမျိုးပဲ လုပ်မှာဖြစ် တယ်။ အရေးအကြီးဆုံးကတော့ အာဏာသိမ်းလိုက်ရင် တပ် မတော်က ရေးဆွဲခဲ့တဲ့ လမ်းပြ မြေပုံ ခုနစ်ရပ်ကို တပ်ကပဲ ပြန် ဖျက် လိုက်သလို ဖြစ်သွားမှာပေါ့’’ ဟု တပ်မတော်က အာဏာသိမ်း ရန် အခြေအနေမရှိကြောင်း ၎င်း က အခိုင်အမာပြောသည်။

၈၈ အာဏာသိမ်းမှုမှာ အရေးအခင်းကာလဖြစ်၍ တပ် မတော်က ဝင်ထိန်းသည်ဟု အကြောင်းပြ နိုင်သော်လည်း ၁၉၆၂ အာဏာသိမ်းမှုမှာ နိုင်ငံ ရေးအကျပ်အတည်းကြောင့် မဟုတ်ဘဲ သိမ်းချင်၍ကို သိမ်း ခြင်းဖြစ်ကြောင်း  ဝါရင့်နိုင်ငံရေး သမား စိုင်းညွန့်လွင်ကဆိုသည်။

‘‘တိုင်းပြည် ချောက်ထဲ ရောက်ဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်ခဲ့တယ်လို့ ပြောခဲ့တယ်။ တကယ်တော့ တိုင်းပြည်ကောင်း စားဖို့ လက်တစ်လုံးအလိုမှာ အာ ဏာသိမ်းခဲ့တာ’’ဟု ၎င်းကပြော သည်။

၁၉၆၂ အာဏာသိမ်းပြီး အနှစ် ၂၀ အကြာ ၁၉၈၂ အခြေ အနေကိုလည်းကောင်း၊ ၁၉၈၈ အာဏာသိမ်းပြီး အနှစ် ၂၀ အကြာ  ၂၀၀၈ အခြေအနေကို လည်းကောင်း သမိုင်းကိုပြန် ကြည့်လျှင် တိုင်းပြည်ဖွံ့ဖြိုး တိုး တက်မှု နောက်ကျကျန်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင် ကြောင်း စိုင်းညွန့်လွင်က ပြော သည်။

‘‘ပြီးခဲ့တဲ့နှစ်ကြိမ်မှာ ဘာဖြစ် ခဲ့လဲဆိုတာ သက်သေပြပြီးခဲ့ပြီပဲ ဗျာ။ သုံးကြိမ်မြောက်တော့ စမ်း သပ်စရာမလိုတော့ပါဘူး’’ဟု ၎င်း က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီ အစိုးရအား အာဏာမလွှဲပေးရန် သမ္မတဦးသိန်းစိန်ကို တိုက်တွန်းသော ဝန်ကြီးအချို့ရှိခဲ့ကြောင်း ဝန်ကြီး တစ်ဦးက 7Day Daily အားပြော ခဲ့သည်။

‘‘ဦးသိန်းစိန်က မလုပ်ခဲ့ဘူး။ တပ်မတော်ကလည်း ဘယ်နာ မည်ပျက်ခံမလဲဗျာ’’ဟု ဝန်ကြီးက ဆိုသည်။ အဆိုပါအကြောင်း အရာမှာ လူမသိသူမသိ တိမ်မြုပ် ခဲ့သည်။

အာဏာသိမ်းမှု ဖြစ်လာနိုင် သည်ဟူသော ယူဆချက်များ ပါ ဝင်သည့် လယ်ရီဂျေဂင်၏ ဆောင်းပါး ဖြစ်တည်လာမှု၏ နောက်ခံ နိုင်ငံရေးကားချပ်ကို ရှု မြင်ကြည့်ကြပါလျှင်...

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ARSA အဖွဲ့၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း လူ့အခွင့် အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ပုဂ္ဂိုလ် ကြီးတစ်ဦး ပါဝင်မည့် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည်ဟု မေလ ၃၁ ရက်တွင် သမ္မတရုံးက ကြေ ညာသည်။

ဇွန်လ ၆ ရက်တွင် ပြည်ခိုင် ဖြိုးပါတီဝင် အမတ်တစ်ဦးက ယင်းကိစ္စနှင့်ပတ်သက်၍ အဆို တစ်ရပ် တင်သွင်းခဲ့သည်။ သို့ သော် ယင်းအဆိုကို မဆွေးနွေးမီ ဇွန်လ ၈ ရက်တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယသမ္မတနှစ် ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ နယ် စပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး တို့မှ ဝန်ကြီးများပါဝင်သော လုံ ခြုံရေးဆိုင်ရာ အထူးအစည်း အဝေးကို နိုင်ငံတော်သမ္မတ အိမ် တော်၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာ၌ လယ်ရီဂျေဂင်က ‘UN envoy averts possible military coup in Myanmar’ ခေါင်းစဉ်ဖြင့် ဇွန်လ ၂၃ ရက်ကရေးသားခဲ့သည့် ဆောင်းပါးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေါသ တကြီးတုံ့ပြန်ပြီး အာဏာသိမ်း မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရေးသားသည်။

အဆိုပါဆောင်းပါး ဖော်ပြ ပြီး ရက်ပိုင်းမှာပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်း နိုင်ငံခရီးစဉ်ရှိရာ ကောလာဟ လမှာ ပိုအရှိန်မြင့်ခဲ့သည်။

ဆောင်းပါးဖော်ပြပြီး တစ် ပတ်မပြည့်မီမှာပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ထွက်ပြောမှ ကောလာဟလ များ အရှိန်တန့်ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါဆောင်း ပါးကြောင့် နိုင်ငံတကာတွင် စိုး ရိမ်ပူပန်မှုများ ရှိပြီး ယင်းဆောင်း ပါးအပေါ် တပ်မတော်ကလည်း ကျေနပ်မှုမရှိကြောင်း ဦးဇော်ဌေး က ပြောသည်။

ယင်းဆွေးနွေးပွဲ၌ အစိုးရက လက်ရှိ နိုင်ငံတကာနှင့် ဆောင် ရွက်နေသည့် အခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့များနှင့် ဆက်ဆံ ရေးအခြေအနေများ၊ ICC ကိစ္စ ရပ်များနှင့်ပတ်သက်၍ ဆောင် ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည့်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့် ဒုတိယတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်တို့ကလည်း နားလည်သဘောပေါက် လက်ခံ ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လယ်ရီဂျေဂင်၏ဆောင်းပါး တွင် ရေးသားဖော်ပြထားသော သတင်းအရင်းအမြစ်များသည် လည်း တိကျသေချာမှုမရှိသဖြင့် ယုံကြည်လက်ခံရန် ချင့်ချိန်သင့် ကြောင်း ၎င်းကဆိုသည်။

‘‘သေချာဖတ်ကြည့်တော့ အဓိက ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်က ဘာလဲ ကျွန်တော်တို့မသိဘူး။ ဥပမာ သူ ရေးထားတာတွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ နီးစပ်တဲ့ လူတစ်ဦး၊ အဆက်အသွယ်ရှိတဲ့ လူတစ်ဦး၊ တပ်မတော်အရာရှိ ကြီးဟောင်းတစ်ဦးဆိုတော့ ဒါ တွေက ဘယ်လောက်ခိုင်မာလဲ ပေါ့၊ တိတိကျကျ မပြောရဲတဲ့ သတင်းအရင်းအမြစ်မျိုး ဖြစ်နေ တဲ့အခါကျတော့ ဒီသတင်းအပေါ် မှာ ဘယ်လောက်အတိုင်းအတာ ထိ ယုံကြည်ရမလဲဆိုတာ ချင့်ချိန် ရမယ်’’ဟု ဦးဇော်ဌေးက ပြော ကြားသည်။

အမည်မဖော်ပြနိုင်သော သတင်းအရင်းအမြစ်များနှင့်ပတ် သက်ပြီး ရန်ကုန်သတင်းစာပညာ ကျောင်းမှ ဝါရင့်သင်တန်း ဆရာ ဦးရဲနိုင်မိုးက ဖြစ်နိုင်ခြေများကို ရှင်းပြသည်။ (၁) ဂျာနယ်လစ် အတွက် ယုံကြည်ရသည့် သတင်း အရင်းအမြစ်က သူသိတာကို အမှန်အတိုင်း ပြောခြင်းကို အမည်မဖော်လိုသည့် သတင်း အရင်းအမြစ်အဖြစ် သတင်းစာ ဆရာက ပြန်ရေးခြင်း၊ (၂) သတင်းအရင်းအမြစ်က သူသိနေ သော အချက်အလက်အမှားကို အမှန်ထင်ပြီး သတင်းစာဆရာကို ပြောခြင်း၊ (၃) တကယ်ဖြစ်ခဲ့ခြင်း မဟုတ်ဘဲ သတင်းအရင်းအမြစ် ကိုယ်တိုင်က အကျိုးသက်ရောက် မှုတစ်ခုခုကို လိုလား၍ သတင်း စာဆရာကို ပြောခြင်း၊ (၄) သတင်းစာဆရာကိုယ်တိုင်က ၎င်း၏ ထင်မြင်ယူဆချက်ကို အမှန်ထင်ကာ ရေးသားခြင်းတို့ ဖြစ်နိုင်ကြောင်း ရှင်းပြသည်။

သို့သော် သတင်းစာတစ် စောင်တွင် ဖော်ပြသည့်သတင်း (သို့မဟုတ်) ဆောင်းပါးတွင် ပါဝင်သည့် အချက်အလက်များ၊ ထင်မြင်ယူဆချက်များနှင့် ပတ် သက်ပြီး စိစစ်ရန် အယ်ဒီတာနှင့် အဆိုပါသတင်းရေးသူ သတင်း စာဆရာတွင် တာဝန်ရှိကြောင်း ဦးရဲနိုင်မိုးက ပြောကြားသည်။

‘‘လောလောဆယ် မစ္စတာ လယ်ရီဂျေဂင်ကိစ္စမှာ ခုနက အချက်တွေထဲက ဘယ်ဟာလဲဆို တာ မသိနိုင်ဘူး။ အထူးသဖြင့် စာဖတ်ပရိသတ်တွေကို ပြောချင် တာကတော့ အမည်မဖော်ပြနိုင် တဲ့ သတင်းအရင်းအမြစ်တွေက ပြောတဲ့သတင်းမျိုးကို တွေ့ရင် ချင့်ချိန်ပြီး စဉ်းစားသင့်တယ်’’ဟု ၎င်းက ပြောသည်။

လယ်ရီဂျေဂင်ကို ယခင် ထောက်လှမ်းရေး ခေတ်က ထောက်လှမ်းရေးက ပြောချင် သည့်သတင်းများအား နိုင်ငံ တကာ စာမျက်နှာပေါ်ရောက် အောင် သုံးခဲ့ဖူးကြောင်း ပြန်ကြား ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဆိုသ်ည။

‘‘၂၀၀၄ နောက်ပိုင်းကျတော့ သူ့မှာ တိကျခိုင်မာတဲ့ သတင်း အရင်းအမြစ်မရှိတော့ဘူး။ တစ် ဆင့်ကြား သတင်းတွေကို အခြေ ခံပြီး သတင်းလုပ်ရေးနေတဲ့ အဆင့်ပဲရှိတော့တယ်။ အခု သတင်းကလည်း ကုလကိုယ်စား လှယ်ကို နေပြည်တော်မှာ ရုံးဖွင့် ခွင့်ပေးတဲ့အပေါ် ဆန့်ကျင်မှုတွေ ကို တန်ပြန်တဲ့အနေနဲ့ ကုလ ကိုယ်စားလှယ်ရဲ့ ပုံရိပ်ကို မြှင့် ချင်တဲ့သူတွေက လယ်ရီဂျေဂင် ကို သုံးသွားတာပါပဲ’’ဟု ၎င်းက ပြောသည်။

သို့သော် လယ်ရီဂျေဂင်ကမူ သူ၏ ဆောင်းပါးမှာ အရင်းအမြစ် များစွာကို အတည်ပြုထားပြီး ရာ နှုန်းပြည့် ရပ်တည်မှုရှိကြောင်း အခိုင်အမာဆိုပြန်သည်။ ထို့ အပြင် ထိပ်ပိုင်းခေါင်းဆောင်နှစ် ဦး ပဋိပက္ခဖြစ်စေရန် လုပ်ဆောင် ခြင်းမဟုတ်ကြောင်း 7Day Daily အား ပြောသည်။

 ‘‘နောက်တစ်ပတ်လောက် မှာထွက်မယ့် ကျွန်တော့် စတိုရီကို စောင့်ဖတ်သင့်တယ်’’ဟု လယ်ရီ က လေမလျှော့ပါ။

=======================
251 / End