အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေး၊ သြဂုတ် ၁၁ ။ ။ မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် စာအလွတ် ကျက်နိုင်မှ စာမေးပွဲအောင်မည့်စနစ်ဖြစ်နေသည့် အခြေအနေကို ပြောင်းလဲရန် ကြိုးစားနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
ယနေ့ သြဂုတ်လ ၁၁ ရက်နေ့က မန္တလေးမြို့ မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပနေသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်စာပေစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
" ဒီစနစ်က စာကျက်မှ စာမေးပွဲအောင်ပြီးတော့ အမှတ်ကောင်းကောင်းရမယ့်စနစ် ဖြစ်နေတော့ အဲဒီဘက်ကိုပဲ တွန်းတာပေါ့။ မိဘတွေကစေတနာနဲ့ သားသမီးတွေကိုအကောင်းဆုံးဖြစ်စေချင်လို့၊ ဒါပေမယ့်လည်း သားသမီးတွေရဲ့တကယ့်အားသာချက်ကို လျစ်လျူရှုသလို ဖြစ်သွားတယ်။ ဖွံ့ဖြိုးတဲ့နိုင်ငံတွေ တော်တော် များများမှာဆိုရင် ဘောလုံးကန်တဲ့ဟာကို အချိန်ပိုပေးလို့ သူတို့ရဲ့ပညာရေးကို မထိခိုက်ဘူး။ ဒီဟာက သူတို့ရဲ့ ပညာရေးကို အထောက်အပံ့ ဖြစ်တယ်။ သူတို့ရဲ့ပင်ကိုယ်အရ အားသာချက်ကို သူတို့ဘ၀အတွက် သုံးနိုင်တဲ့ အခွင့်အရေးပေးတာပေါ့။ အဲဒီလိုဟာမျိုးစနစ် ဖြစ်အောင်လည်း ကြိုးစားနေပါတယ်" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့ပြင် အစုအဖွဲ့နှင့်လုပ်ဆောင်တတ်သည့် စနစ်မျိုးကို အဓိကထား ကြိုးပမ်းသွားမည်ဖြစ်သလို အမျိုးသားနှင့် အမျိုးသမီးများ တန်းတူညီတူဖြစ်သည့် ပညာရေးစနစ်ကို တည်ထောင်သွားရမည်ဖြစ်သည်ဟုလည်း ပြောခဲ့သည်။
မန္တလေးမြို့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို သြဂုတ်လ ၁၁ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆိုပါဝင်ဆင်နွဲနိုင်ကြောင်း ကြေညာထားသည်။
ပထမအကြိမ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန် တက္ကသိုလ်၌ ကျင်းပခဲ့သည်။
=======================
251 / End
၁၁ ဩဂုတ် ၂၀၁၈ - ၁၆:၂၁
News ID: 905042
မန္တလေး၊ သြဂုတ် ၁၁ ။ ။ မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် စာအလွတ် ကျက်နိုင်မှ စာမေးပွဲအောင်မည့်စနစ်ဖြစ်နေသည့် အခြေအနေကို ပြောင်းလဲရန် ကြိုးစားနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။