၁၀ ဒီဇင်ဘာ ၂၀၁၈ - ၁၈:၀၈
စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ပြော

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စောင့်ကြည့်မယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စောင့်ကြည့်မယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ ပြောပါတယ်။

နေပြည်တော်က စည်ပင်ရိပ်သာ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အင်န်အယ်လ်ဒီပါတီ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောတာပါ။

အင်န်အယ်ဒီပါတီ၊ ဒုတိယဥက္ကဋ္ဌ ၂ လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လေ့လာပြီးအကဲဖြတ်မယ့် အဖွဲ့တစ်ဖွဲ့ သပ်သပ်ဖွဲ့စည်းမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖွဲ့စည်းတာဟာ ၂၀၂၀ ပြည့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက်တင် မဟုတ်ဘဲ ပါတီခိုင်မာ အားကောင်းရေးအတွက်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအဖွဲ့ကို ပါတီဗဟိုကတစ်ဦး၊ ဗဟိုအမျိုးသမီးကော်မတီက တစ်ဦး၊ ဗဟိုလူငယ်အဖွဲ့က တစ်ဦး၊ တိုင်းဒေသကြီး အလုပ်အမှုဆောင်တစ်ဦး၊ လူငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၆ ဦးပါဝင်မယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့က ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တစ်လတစ်ကြိမ်အစီရင်ခံစာ တင်သွင်းရမယ်လို့လည်း ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၃ ခုထဲက ၇ နေရာသာ အင်န်အယ်လ်ဒီပါတီ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ ဆိပ်ကမ်းမြို့နယ်၊ တမူးမြို့နယ်နဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှာပါ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုရှုံးနိမ့်ခဲ့တာဟာ သက်ဆိုင်ရာ ၀န်ကြီးချုပ်တွေ အားနည်းမှုတွေကြောင့်ဆိုပြီး ဒေါက်တာဇော်မြင့်မောင် က မီဒီယာတွေကို ပြောကြားဖူးပါတယ်။

=======================
251 / End