အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္ဂနွေနေ့

၅ ဇူလိုင် ၂၀၂၀

၁၉:၁၁:၁၁
1052851

COVID-19 ပိတ်ပင်ကန့်သတ်ချက်များကို ဖြေလျှော့ပေးနေသည့် ဘရာဇီးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၅ သန်းကျော် ရှိလာ

လက်တင်အမေရိက၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေဆဲ ဖြစ်သော်လည်း နိုင်ငံတွင်းရှိ မြို့များတွင် ဘားများ၊ စားသောက်ဆိုင်များ၊ အားကစားခန်းမများကို ပြန်လည်ဖွင့်လှစ်ထားခြင်းကြောင့် ကူးစက်မှုဆက်လက်မြင့်မားနေမည်ကို စိုးရိမ်နေကြစဉ် ဇူလိုင် ၃ ရက်တွင် ဘရာဇီး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၅ သန်း ကျော်သွားခဲ့သည်။

ဘရာဇီးနိုင်ငံ ရိုရိုင်မာပြည်နယ်တွင် တိုင်းရင်းသားများက စားစရာထောက်ပံ့မှုကို ယူရန် ဇွန် ၃၀ ၌ စောင့်ဆိုင်းနေစဉ်



လက်တင်အမေရိက၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေဆဲ ဖြစ်သော်လည်း နိုင်ငံတွင်းရှိ မြို့များတွင် ဘားများ၊ စားသောက်ဆိုင်များ၊ အားကစားခန်းမများကို ပြန်လည်ဖွင့်လှစ်ထားခြင်းကြောင့် ကူးစက်မှုဆက်လက်မြင့်မားနေမည်ကို စိုးရိမ်နေကြစဉ် ဇူလိုင် ၃ ရက်တွင် ဘရာဇီး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၅ သန်း ကျော်သွားခဲ့သည်။

ဘရာဇီးသည် အမေရိကန်ပြီးပါက ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယမြောက်အမြင့်ဆုံးနိုင်ငံဖြစ်ကာ ကပ်ရောဂါကြောင့် နိုင်ငံတွင်း၌ လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့သည်။

ရီယိုဒီဂျနေရိုးမြို့တွင် အဖျော်ယမကာ ရောင်းချသော ဘားဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ပထမဆုံးရက်ဖြစ်သော ဇူလိုင် ၂ ရက် ညနေခင်းအချိန်တွင် ကမ်းခြေနံဘေးရှိ လီဘလွန်ရပ်ကွက်အတွင်း လူသွား စင်္ကြံပေါ်တွင် လူအများအပြား အရက်သေစာ သောက်စားနေကြသည်။

လီဘလွန်ရပ်ကွက်တွင်းရှိ ဘားဆိုင်များ၌ ပျော်ပွဲရွှင်ပွဲကျင်းပနေသည့် ဓာတ်ပုံများ လူမှုမီဒီယာထက်တွင် ပျံ့နှံ့လျက်ရှိပြီး ထိုပုံများထဲတွင် လူအချို့သာ နှာခေါင်းစည်း တပ်ဆင်ထားကာ လူအများအပြားမှာ တစ်ဦးနှင့် တစ်ဦး ဖက်လဲတကင်းရှိနေကြခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။

ရီယိုမြို့ကိုယ်စားပြု လွှတ်တော်အမတ် ဒေးဗစ်မီရန်ဒါက ရီယိုဒီဂျနေရိုးမြို့တော်ဝန် မာဆယ်လိုကရီဗယ်လာအား ဝေဖန်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို အလျင်အမြန် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည့် မာဆယ်လို၏ ဆုံးဖြတ်ချက်သည် ကြီးမားသော ဆုံးရှုံးနစ်နာမှုနှင့်အတူ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း မီရန်ဒါက ပြောကြားခဲ့သည်။

ရီယိုဒီဂျနေရိုးမြို့တွင် COVID-19 ရောဂါကြောင့် ပြီးခဲ့သည့်လေးလအတွင်း လူ ၆၆၀၀ ကျော်သေဆုံးခဲ့ကာ ထိုပမာဏထက် သေဆုံးသူအရေအတွက်ပိုများသည့် နိုင်ငံပေါင်းမှာ ကမ္ဘာပေါ်တွင် ၁၄ နိုင်ငံသာ ရှိသည်။ ပြည်သူ့ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များတွင် လက်ခံထားနိုင်သော လူနာအရေအတွက်၏ ၇၀ ရာခိုင်နှုန်းခန့် တက်ရောက်ကုသနေသည်။

ဘရာဇီး၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုအဆိုးရွားဆုံးဖြစ်ပွားရာ ဆော်ပေါ်လိုမြို့တွင် လာမည့်သီတင်းပတ်မှစတင်၍ ဘားများ၊ စားသောက်ဆိုင်များကို ပြန်ဖွင့်ခွင့်ပြုမည်ဟု ခန့်မှန်းရသည်။

COVID-19 ကပ်ရောဂါအန္တရာယ်ကို ပေါ့ပေါ့လျော့လျော့ သဘောထားလျက် ကပ်ရောဂါကို တုပ်ကွေးအပျော့စားဟု ခေါ်ဆိုခဲ့သည့် ဘရာဇီးသမ္မတ ဘော်ဆွန်နာရိုကို ကျန်းမာရေးပါရဂူများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

Lockdown စီမံချက်များကို ရုပ်သိမ်းရန်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ရန် မြို့တော်ဝန်များနှင့် အုပ်ချုပ်ရေးမှူးများကို ဘော်ဆွန်နာရိုက ဖိအားပေးခဲ့သည်။ ဘုရားကျောင်းများ၊ စာသင်ကျောင်းများ စသည့် လူအများအပြားစုဝေးရာ အဆောက်အဦးများတွင် နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်းကို ပြဋ္ဌာန်းခွင့်ပြုမည့် အချက်ပါရှိသော ဥပဒေတစ်ရပ်ကို ဘော်ဆွန်နာရိုက ဇူလိုင် ၃ ရက်တွင် အာဏာသုံး၍ ပယ်ချခဲ့သည်။

**********************************************

END / 251