အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ဗုဒ္ဓဟူးနေ့

၁၂ ဩဂုတ် ၂၀၂၀

၁၉:၂၂:၁၆
1062298

အမေရိကန် ဒုတိယ သမ္မတဟောင်း ဘိုင်ဒင် က ဒီမို ကရက် တစ် ဒုတိယ သမ္မတလောင်း အဖြစ် အမျိုး သမီး တစ်ဦး ကိုရွေး ချယ်

အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်က ၎င်း၏ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဒုတိယသမ္မတလောင်းအဖြစ် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ခမ်မလာဟာရစ်အား ရွေးချယ်ခဲ့ရာ အဓိက ပါတီတစ်ခု၏ သမ္မတဆိုင်ရာ နေရာအတွက် ပထမဆုံး လူမည်းအမျိုးသမီး တစ်ဦးအား သမိုင်းဝင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရီပက်ဘလီကင်သမ္မတ ဒေါ်နယ်ထရန့်အား အနိုင်ယူနိုင်ရန် လူမည်း မဲဆန္ဒရှင်များ၏ ထောက်ခံမဲများက အလွန်အမင်း အရေးကြီးမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။




အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်က ၎င်း၏ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဒုတိယသမ္မတလောင်းအဖြစ် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ခမ်မလာဟာရစ်အား ရွေးချယ်ခဲ့ရာ အဓိက ပါတီတစ်ခု၏ သမ္မတဆိုင်ရာ နေရာအတွက် ပထမဆုံး လူမည်းအမျိုးသမီး တစ်ဦးအား သမိုင်းဝင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ရီပက်ဘလီကင်သမ္မတ ဒေါ်နယ်ထရန့်အား အနိုင်ယူနိုင်ရန် လူမည်း မဲဆန္ဒရှင်များ၏ ထောက်ခံမဲများက အလွန်အမင်း အရေးကြီးမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအကြို ရွေးချယ်ပွဲများတွင် ဘိုင်ဒင်၏ ပြိုင်ဘက်ဟောင်းဖြစ်သူ အသက် ၅၅ နှစ်ရှိ ဟာရစ်သည် သမ္မတနေရာအတွက် ကြိုးပမ်းမှု အဆုံးသတ်ကြောင်း ကြေညာခဲ့ပြီးနောက် ဒုတိယသမ္မတလောင်း နေရာအတွက် အလျင်အမြန်ပင် ရေပန်းစားလာခဲ့သည်။

ဟာရစ်သည် လူငယ်များအတွက် အကြောက်အရွံ့မဲ့ ရင်ဆိုင်တိုက်ခိုက်သူ တစ်ဦးဖြစ်ပြီး နိုင်ငံ၏ အကြီးကျယ်ဆုံး ပြည်သူ့ဝန်ထမ်း တစ်ဦးလည်းဖြစ်ကြောင်း ဘိုင်ဒင်က ၎င်း၏ဒုတိယ သမ္မတလောင်းကို ရွေးချယ်ရာတွင် ပြောကြားခဲ့သည်။ ဘိုင်ဒင်သည် အမေရိကန် ပြည်သူများအား ညီညွှတ်စေမည်ဖြစ်ပြီး မိမိတို့၏ အကောင်းဆုံး အရာများအား ဖြည့်ဆည်းနိုင်သော အမေရိကကို တည်ဆောက်ပေးမည် ဖြစ်ကြောင်း ဟာရစ်က ပြောကြားခဲ့သည်။

အမေရိကန်တွင် သေဆုံးသူ ၁၆၀၀၀၀ ကျော် ရှိလာပြီဖြစ်သော ကပ်ရောဂါဘေးနှင့် လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းတမ်းမှုများအား ဆန့်ကျင်ဆန္ဒပြမှုများ စသည့် မကြုံစဖူး အကျပ်အတည်းများ ကြုံတွေ့နေရစဉ် ဘိုင်ဒင်က ဟာရစ်အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဟာရစ်အား ဘိုင်ဒင်က ရွေးချယ်ခဲ့မှုအတွက် အနည်းငယ် အံ့အားသင့်မိကြောင်း သမ္မတထရန့်က သြဂုတ် ၁၂ တွင် ပြောကြားခဲ့သည်။ ဟာရစ်၏ ယခင်မဲဆွယ်မှုများတွင် လှူဒါန်းခဲ့ဖူးသော ထရန့်က ဟာရစ်သည် အမေရိကန် အထက်လွှတ်တော်တွင် လစ်ဘရယ်အဆန်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟာရစ်က ကယ်လီဖိုးနီးယားရှေ့နေချုပ်နှင့် ဆန်ဖရန်စစ္စကို ခရိုင်ရှေ့နေအဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် ရာဇဝင်အား ပါတီကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲတွင် စေ့စေ့စပ်စပ် စောင့်ကြည့်ခံခဲ့ရပြီး လစ်ဘရယ်နှင့် လူငယ် လူမည်းမဲဆန္ဒရှင်အချို့၏ ထောက်ခံမှုများ ဆုံးရှုံးခဲ့ရသည်။ ဟာရစ်က သူသည် ဥပဒေ စိုးမိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား ထောက်ခံသည့် တိုးတက်ရေးဝါဒီ အစိုးရရှေ့နေ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဂျမေကာနိုင်ငံသား ဖခင်နှင့် အိန္ဒိယနိုင်ငံသူ မိခင်တို့မှ ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သော ဟာရစ်သည် ၂၀၀၃ ခုနှစ်၌ ဆန်ဖရန်စစ္စကိုခရိုင်ရှေ့နေ ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယား ရှေ့နေချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုရာထူးကို ရရှိခဲ့သော ပထမဆုံး အမျိုးသမီးနှင့် လူမည်းတစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အထက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

အမေရိကန်တွင် အမျိုးသမီးတစ်ဦးက သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ထမ်းဆောင်မှု မရှိသေးပေ။ ၂၀၁၆ ခုနှစ်တွင် ဟီလာရီကလင်တန်က ဒီမိုကရက်တစ်သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၄ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီမှ Geraldine Ferraro နှင့် ၂၀၀၈ ခုနှစ်တွင် ရီပက်ဘလီကင်ပါတီမှ ဆာရာပါလင်းတို့က ဒုတိယသမ္မတလောင်း နေရာအတွက် ရွေးချယ်ခံခဲ့ရသည်။

*****************************************

END / 251