အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
တနင်္လာနေ့

၃၁ ဩဂုတ် ၂၀၂၀

၁၇:၁၄:၁၁
1066828

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်သန်းနီးပါးအထိ ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်နေရပြီး အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် သြဂုတ် ၃၀ က ခြောက်သန်းနီးပါးအထိ ရောက်ရှိခဲ့သည်။ ကျန်းမာရေး အကျပ်အ တည်းကို ရပ်တန့်ရန်အတွက် ကမ္ဘာ့နိုင်ငံအများအပြားက တင်းကျပ်မှုများ ပြဋ္ဌာန်းနေသည့်ကြားမှ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၂၅ သန်း ကျော်သွားခဲ့ပြီ ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်နေရပြီး အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် သြဂုတ် ၃၀ က ခြောက်သန်းနီးပါးအထိ ရောက်ရှိခဲ့သည်။ ကျန်းမာရေး အကျပ်အ တည်းကို ရပ်တန့်ရန်အတွက် ကမ္ဘာ့နိုင်ငံအများအပြားက တင်းကျပ်မှုများ ပြဋ္ဌာန်းနေသည့်ကြားမှ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၂၅ သန်း ကျော်သွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ဇူလိုင်လလယ်မှစပြီး လေးနာရီလျှင် ထပ်တိုးကူးစက်ခံရသူ တစ်သန်း ရှိခဲ့ကြောင်း အေအက်ဖ်ပီက ပြုစုထားသော စာရင်းများက မှတ်တမ်းတင်ခဲ့သည်။ အမေရိကန်သည် ကမ္ဘာတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို အဆိုးဆုံးခံရသည့် နိုင်ငံ ဖြစ်ပြီး သြဂုတ် ၃၁ အထိ ကူးစက်သူ ၅.၉၉ သန်းအထိ ရှိပြီး သေဆုံးသူ ၁၈၃,၀၀၀ ကျော် ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က မှတ်တမ်းတင်ထားခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်သုံးပတ်ကမှ  ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးသန်းရောက်ရှိခဲ့သော အမေရိကန်သည် ကူးစက်သူ လေးသန်းကို ရောက်ရှိခဲ့ပြီးနောက် ၁၇ ရက်အ ကြာတွင် ငါးသန်းဂဏန်းကို ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆိုခဲ့သည်။

ဗိုင်းရပ်စ် ကပ်ဘေးသည် ကမ္ဘာ့အကြီးဆုံး အမေရိကန်စီးပွားရေးကို အထိနာစေခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်၏ယခင်က အလား အလာကောင်းခဲ့သော ပြန်လည်ရွေးခံရရေး အခွင့်အလမ်းကို အရိပ်မည်းထိုးလာခဲ့သည်။

ထရန့်သည် ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်း ချုပ်ရန် ဖိအားကြီးကို ရင်ဆိုင်နေရချိန်တွင် အမေရိကန် အစားအစာနှင့်ဆေးဝါးထိန်း ချုပ်ကွပ်ကဲရေးအဖွဲ့(FDA) ၏ဥက္ကဋ္ဌ စတီ ဖင်ဟန်းက ဗိုင်းရပ်စ်ကာကွယ်ဆေးများကို စိတ်ချယုံကြည်မှုအတွက် စမ်းသပ်မှုအဆင့်များ မပြီးဆုံးခင်မှာပင် အရေးပေါ်ခွင့်ပြုမှု ပေးဖွယ်ရှိကြောင်း ပြောလာခဲ့သည်။

ကာကွယ်ဆေးရရန် ဖိအားပေးနေသော သမ္မတထရန့်ကြောင့် ကာကွယ်ဆေးဆိုင်ရာ ဖြေလျော့ပေးမှုကို ဆောင်ရွက်ခြင်း မဟုတ်ကြောင်း စတီဖင်ဟန်းက အခိုင်အမာ ပြောကြားခဲ့သည်။ အနောက်တိုင်းမှ ကာ ကွယ်ဆေးကုမ္ပဏီ သုံးခုသည် အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အဆင့်(၃) စမ်းသပ်မှု ဆောင်ရွက်နေကြပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ယခင်က ထိန်းချုပ်နိုင်ခဲ့ပြီဟု ထင်ခဲ့ရပြီး ယခုအခါ ကူးစက်မှုအသစ်များ အစုအပြုံလိုက် တွေ့ရှိနေရသော နယူးဇီလန်၊ တောင်ကိုရီးယားကဲ့သို့ နိုင်ငံများအတွက်ပင် ကိုရိုနာဗိုင်းရပ်စ် သည် ဇွဲကြီးသော ရန်သူ ဖြစ်နေသည်။

ကမ္ဘာ၏အခြားတစ်ဖက်ဖြစ်သော လက်တင်အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ်၏ ပထမလှိုင်းကို ရုန်းကန်နေရဆဲဖြစ်သည်။ ဘရာဇီးတွင် သေဆုံးသူ ၁၂၀,၀၀၀ ကျော် ရှိလာခဲ့ပြီး အမေရိကန်ပြီးလျှင် ကမ္ဘာ၌ ကို ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၅၅,၀၀၀ နီးပါးရှိနေပြီး ထိရောက်သော ဗိုင်းရပ်စ် ကာကွယ်ဆေးက မရှိသေးပေ။ ဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားရန်အတွက် ကမ္ဘာတစ်ဝန်းမှ အစိုးရများသည် ပိတ်ဆို့ဟန့်တားမှုများ၊ လူမှုရေးဆိုင်ရာ ကင်းကွာနေထိုင်မှုများကို ပြဋ္ဌာန်း ကျင့်သုံးနေကြသည်။

လက်ရှိ အစုပြုံလိုက် ကူးစက်မှုမတွေ့ မီအထိ ရက် ၁၀၀ ကျော် ဗိုင်းရပ်စ် ကူးစက်မှု ကင်းစင်နေခဲ့သော နယူးဇီလန်တွင် သြဂုတ် ၃၁ မှစပြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေးနှင့်လေကြောင်း ခရီးစဉ်များ၌ မျက်နှာ၊ နှာခေါင်းစည်းကို မဖြစ်မနေ ဝတ်ဆင်ရန် ပြဋ္ဌာန်းခဲ့သည်။

တောင်ကိုရီးယားတွင် သြဂုတ် ၃၀ မှစပြီး ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးများကို တင်းကျပ်စွာ ပြန်လည် ကျင့်သုံးခဲ့သည်။ နိုင်ငံ လူဦးရေ၏ထက်ဝက်ကျော် နေထိုင်သော ဆိုးလ်တွင် အစုပြုံလိုက် ကူးစက်မှုများကို တောင်ကိုရီးယားက တွေ့ရှိထားသည်။

စီးပွားရေးထိခိုက်မှုကြောင့် ကမ္ဘာ့နေရာ အများအပြားတွင် ပိတ်ဆို့ထိန်းချုပ်မှုနှင့် လူမှုရေးဆိုင် ခပ်ခွာခွာ နေထိုင်မှုများကို မသိမသာ ဥပေက္ခာ ပြုသူများလာခဲ့သည်။

နိုင်ငံရေးအဝန်းမှ လက်ဝဲစွန်းနှင့်လက်ယာစွန်း နှစ်ဖက်စလုံးက တင်းကျပ်သော ထိန်းချုပ်မှုများကို ဆန့်ကျင်ကြသည်။

ဘာလင်တွင် သြဂုတ် ၂၉ က  လူ ထောင် နှင့်ချီ စုဝေးပြီး ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ထိန်းချုပ်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူအများစုသည် လူမှုဆိုင်ရာ ခပ်ခွာ ခွာနေထိုင်ရမည့် စည်းကမ်းများကို မလိုက်မှုကြောင့် ရဲတပ်ဖွဲ့က ယင်းလူသူစုဝေးမှုကို ရပ်ဆိုင်းစေခဲ့သည်။

အမေရိကန်၏ဘော်စတွန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏သက်ရောက်မှု သက်သာရာ ရစေရန် ရည်ရွယ်ပြီး ကျောင်း သားများ မဖြစ်မနေ ကာကွယ်ဆေးထိုးရန်  ပြည်နယ်စည်းမျဉ်း ပြဋ္ဌာန်းမှုအား သြဂုတ် ၃၀ ၌ လူရာနှင့် ချီပြီး ဆန္ဒပြခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးများ ကမောက်ကမ ဖြစ်ခဲ့ပြီး အားကစားပွဲများနှင့် ဂီတပွဲများမှ သည် ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများအထိ လူအမြောက်အမြား စုဝေးခြင်းကို ရပ်ဆိုင်းထားရသည်။

***************************************************

END / 251