အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
သောကြာနေ့

၉ ဇူလိုင် ၂၀၂၁

၁၁:၃၀:၄၃
1158397

အာဖဂန်နစ္စတန် မှ အမေရိကန် တပ်များ ရုပ်သိမ်း မှု ၉၀ ရာခိုင် နှုန်း ကျော် ပြီးစီး

ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်အရ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုသည် ယခုဆိုလျှင် ၉၀ ရာခိုင်နှုန်းကျော်ပြီး စီးပြီဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဇူလိုင်လ ၆ ရက်တွင် ကြေညာခဲ့သည်။






ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်အရ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းမှုသည် ယခုဆိုလျှင် ၉၀ ရာခိုင်နှုန်းကျော်ပြီး စီးပြီဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဇူလိုင်လ ၆ ရက်တွင် ကြေညာခဲ့သည်။

ထိုအချိန်အတောအတွင်း တာလီဘန်တို့ကို တိုက်ခိုက်ရာတွင် အာဖဂန်တပ်ဖွဲ့များသည် ကိုယ့်အားကိုယ်ကိုးမှုကို ပိုမိုမြှင့်တင်နေပြီး အာဖဂန်အာဏာပိုင်များကမူ အမေရိကန်တပ်များ နိုင်ငံအတွင်းမှ ရုပ်သိမ်းနေချိန်၌ တာလီဘန်တို့လက်အောက်သို့ ကျရောက်ခဲ့သည့် ခရိုင်များအားလုံးကို ပြန်လည်သိမ်းပိုက်မည်ဟု ကတိပြုခဲ့သည်။

အာဖဂန် စစ်သား ၁,၀၀၀ ကျော်သည် အိမ်နီးချင်း တာဂျကစ္စတန်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် အာဖဂန်အစိုးရက နိုင်ငံမြောက်ပိုင်းရှိ တာလီဘန်တို့၏ထိုးစစ်ကို တန်ပြန်ရန် ရာနှင့်ချီသည့်  ကွန်မန်ဒိုများကို ဖြန့်ကျက်ချထားခဲ့သည်။

အာဖဂန်၏ ပြည်နယ်အများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး တာလီဘန်တို့သည် နိုင်ငံမြောက်ပိုင်းမှ ကျေးလက်ဒေသများတွင် အာရုံစိုက်တိုက်ခိုက်နေကာ ပြီးခဲ့သည့် နှစ်လအတွင်း ဒါဇင်နှင့်ချီသည့် ခရိုင်များကို သိမ်းပိုက်နိုင်ခဲ့သည်။

“ဒါဟာ စစ်ဖြစ်နေတာပါ။ ဖိအားတော့ ရှိမှာပဲ။ တစ်ခါတလေမှာ တစ်ချို့အရာတွေဟာ ကျွန်တော်တို့နည်းနဲ့ အလုပ်ဖြစ်ပြီး၊ တစ်ခါတလေတော့ အလုပ်သိပ်မဖြစ်ပါဘူး။ ဒါပေမယ့် အာဖဂန်ပြည်သူတွေကို ကျွန်တော်တို့ ဆက်ပြီး ကာကွယ်ပေးသွားမှာပါ” ဟု အာဖဂန်အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဟမ်ဒူလာ မိုဟစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဆီမှာ ခရိုင်တွေကို ပြန်သိမ်းဖို့ အစီအစဉ်တွေရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အာဖဂန်၏ အကြီးဆုံးလေတပ်စခန်း ဖြစ်သည့် ဘာဂရမ်လေတပ်စခန်းနှင့် အကြီးဆုံးစစ်စခန်း ခုနစ်ခုမှ အမေရိကန်တပ်ဖွဲ့များ ထွက်ခွာပြီးနောက် ရက်ပိုင်းအကြာဖြစ်သည့် ဇူလိုင်လ ၆ ရက်တွင် အာဖဂန်မှ ထောင်နှင့် ချီသည့် တပ်ဖွဲ့များနှင့် အရပ်ဘက် ကန်ထရိုက်တာများကို ပြန်လည်ရုပ်သိမ်းမှုသည် သြဂုတ်လကုန်ပိုင်းတွင် အပြီးသတ်နိုင်သည့် လမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာ ရောက်ရှိနေသည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကလည်း အမေရိကန်နှင့် နေတိုးညွန့်ပေါင်းအဖွဲ့ဝင်များသည် မြေပြင်အနေအထားတွင် မရှိတော့သည့်တိုင် တာလီဘန်တို့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များကို ဆက်လက်ပြီး ကူညီထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည်။

“ အာဖဂန် တပ်ဖွဲ့တွေအတွက် စစ်မြေပြင်မှာ အကူအညီတွေ လိုအပ်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထောက်ပံ့ပေးပိုင်ခွင့် ရှိနေဆဲဖြစ်ပါတယ်” ဟု ဂျွန်ကာဘီက ပြောကြားခဲ့ပြီး ယင်းထောက်ပံ့မှုမှာ လေကြောင်း တိုက်ခိုက်မှုများ ဖြစ်နိုင်သည်ဟု သတ်မှတ်ဖော်ပြခဲ့သည်။ “အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ သူတို့ ပြည်သူတွေကို သူတို့ကိုယ်တိုင် ကာကွယ်ပေးရမယ့် အလှည့် ရောက်လာပါပြီ” ဟု ဂျွန်ကာဘီက ဆိုသည်။

ထို့ပြင် အာဖဂန်လေတပ်မှ လေယာဉ်များ ပျံသန်းမှုအတွက် မရှိမဖြစ်လိုအပ်နေသည့် အမေရိကန် အရပ်ဘက် နည်းပညာရှင်များကိုလည်း အာဖဂန်တွင် ဆက်လက်နေထိုင်နိုင်ရေးကို စိတ်ချသေချာစေရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း လုပ်ဆောင်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။



****************************************************************

END / 251