အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
ဗုဒ္ဓဟူးနေ့

၂၅ မေ ၂၀၂၂

၁၉:၀၉:၀၈
1260920

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရခြင်းကို မိသားစုက ကုလသမဂ္ဂတွင် တိုင်ချက်ဖွင့်

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို မိသားစုဆွေမျိုးများက ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့တွင် ဗုဒ္ဓဟူးနေ့၌ တိုင်ချက်ဖွင့်ထားကြောင်း ၎င်းတို့၏ ရှေ့နေများက ပြောသည်။



ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို မိသားစုဆွေမျိုးများက ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့တွင် ဗုဒ္ဓဟူးနေ့၌ တိုင်ချက်ဖွင့်ထားကြောင်း ၎င်းတို့၏ ရှေ့နေများက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းမှု၌ ဒေါ်အောင်ဆန်းစုကြည်အစိုးရအား ဖြုတ်ချပြီးချိန်မှစကာ မြန်မာနိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေ ဆိုက်လျက်ရှိနေပြီး အသက် ၇၆ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်ထိန်းချုပ်မှု၌ ဖမ်းဆီးထားကာ နှစ်ပေါင်း ၁၅၀ ကျော် ထောင်ချခံရနိုင်သည့် စွဲချက်များဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“တရားရေး ပြန်ပေးဆွဲခံရခြင်း” အဖြစ် အခြေအနေကို ဖော်ပြရင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆွေမျိုးများကိုယ်စား ထင်ရာစိုင်း ဖမ်းဆီးခြင်းများအရေး ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ထံ တိုင်ချက်ဖွင့်ထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး ရှေ့နေများဖြစ်သည့် ဖရန့်ဆွာ ဇီမာရေးနှင့် ဂျက်စီကာ ဖန်နဲလ်လီတို့က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်၊ သူ့ကို ဖမ်းဆီးထားတာဟာ ဘယ်လို တရားဥပဒေနဲ့မှ အကျုံးမဝင်ပါဘူး၊ သူ့ကို စွဲဆိုထားတဲ့ အမှုတွေဟာလည်း တရားဥပဒေ အခြေခံစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ထားပါတယ်”ဟု AFP က မြင်တွေ့ခွင့်ရသည့် တိုင်ချက်၌ ဖော်ပြထားသည်။

“ပြန်ပေးဆွဲတာကို တရားစီရင်ရေးအဖြစ် ရုပ်ဖျက်ထားတာပါပဲ၊ တရားမျှတမှုအားလုံးကို ဖီဆန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပနဲ့ ဆက်သွယ်ခွင့် မပေးဘဲ ထီးတည်း ဖမ်းဆီးထိန်းသိမ်းထားတာပါ၊ လက်သင့်ခံစရာ မရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုလည်း မြောက်ပါတယ်”ဟု ယင်း တိုင်ချက်၌ ဖော်ပြသည်။

“ဒါဟာ မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာ ဆုတ်ယုတ်ခြင်းပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို တည်ပြီး မြန်မာပြည်သူတစ်ရပ်လုံးကို နှုတ်ပိတ်စေတာပါပဲ၊ ဒီမိုကရေစီ စိတ်အားထက်သန်မှု ချေနင်းခံရတာပါပဲ”ဟု ယင်းက ဆိုသည်။

အဓိပ္ပာယ်မရှိသော စွဲချက်များနှင့် ရင်ဆိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအထိ စုစုပေါင်း  ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည်။ စွဲချက် ၁၇ ရပ်အတွက် ထောင်ဒဏ် နှစ် ၁၀၀ ကျော် ချမှတ်ခံရနိုင်ချေလည်း ရှိနေကြောင်း ရှေ့နေများက ပြောသည်။

ပြီးခဲ့သော စစ်အုပ်ချုပ်ရေးအောက်၌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်က အင်လျားကန်စောင်းက နေအိမ်၌ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ရှည်များစွာ နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ တည်နေရာမသိရသော နေရာ၌ ပြင်ပနှင့် အဆက်အသွယ် ကန့်သတ်ခံရကာ ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

“ဘဝရဲ့ ၁၅ နှစ်တာ အချိန်ကို လွတ်လပ်ခွင့် ဆုံးရှုံးပြီး နေခဲ့ရတဲ့ မကြာမီမှာ အသက် ၇၇ နှစ်ပြည့်တော့မယ့် အမျိုးသမီးတစ်ဦးအတွက် ခုလို ဖမ်းဆီးထိန်းသိမ်းထားတာက လိုအပ်လို့ဆိုပြီး ဘယ်သူ ပြောနိုင်မလဲ”ဟု ဖရန့်ဆွာ ဇီမာရေးနှင့် ဂျက်စီကာ ဖန်နဲလ်လီတို့က မေးခွန်းထုတ်ခဲ့သည်။


****************************************************************
END / 251