အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
အင်္ဂါနေ့

၈ နိုဝင်ဘာ ၂၀၂၂

၂၁:၄၇:၂၅
1321505

ရုရှထံ လက်နက်တင်ပို့နေသည်ဆိုသည့် အမေရိကန်၏ ပြောကြားချက်က ‘အခြေအမြစ်မရှိ’ ဟု မြောက်ကိုရီးယား ပယ်ချ

ယူကရိန်းစစ်ပွဲ၌ ရုရှအတွက် မြောက်ကိုရီးယားက လက်နက်ကြီးကျည်များ ထောက်ပံ့ပေးနေသည် ဆိုသည့် အမေရိကန်၏ ပြောဆိုချက်များမှာ အခြေအမြစ်မရှိဟု မြောက်ကိုရီးယားဘက်က ပယ်ချကြောင်း နိုင်ငံပိုင် KCNA မီဒီယာက ထုတ်ပြန်လိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယူကရိန်းစစ်ပွဲ၌ ရုရှအတွက် မြောက်ကိုရီးယားက လက်နက်ကြီးကျည်များ ထောက်ပံ့ပေးနေသည် ဆိုသည့် အမေရိကန်၏ ပြောဆိုချက်များမှာ အခြေအမြစ်မရှိဟု မြောက်ကိုရီးယားဘက်က ပယ်ချကြောင်း နိုင်ငံပိုင် KCNA မီဒီယာက ထုတ်ပြန်လိုက်သည်။

လက်ရှိ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်နေစဉ် ယခု မြောက်ကိုရီးယား၏ အထက်ပါ တုံ့ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားသည် ၎င်းတို့၏ အကြီးတကာ့ အကြီးဆုံး လေတပ် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သလို တစ်ဖက်တွင်လည်း မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံး အပါအဝင် ပြီးခဲ့သည့်သီတင်းပတ်က လက်နက် စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်နေခဲ့သည်။

မြောက်ကိုရီးယားတို့ ဒုံးကျည် စမ်းသပ်မှုများကို ထပ်တလဲလဲ လုပ်ဆောင်နေခြင်းက နျူကလီးယား စမ်းသပ်မှုတစ်ခုဆီသို့ ရောက်သွားနိုင်သည် ဆိုပြီး အမေရိကန်နှင့် တောင်ကိုရီးယားက သတိပေးထားသည်။

မြောက်ကိုရီးယားက အရှေ့အလယ်ပိုင်း သို့မဟုတ် အာဖရိကသို့ တင်ပို့သလို ပုံဆောင်လျက် ပို့ဆောင်သော လက်နက်ကြီးကျည်များသည် ရုရှထံ ဦးတည်သွားနေခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက စွပ်စွဲပြောဆိုခဲ့ရာ ယခု အင်္ဂါနေ့တွင် မြောက်ကိုရီးယားက ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“မကြာသေးခင်တုန်းက အမေရိကန်ဟာ မြောက်ကိုရီးယားနဲ့ ရုရှအကြား ‘လက်နက် ရောင်းဝယ်မှု’ တွေ ရှိတယ်ဆိုပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ဆက်တိုက် ဖြန့်နေပါတယ်” ဟု မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဖက် နိုင်ငံခြားရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြောင်း KCNA က ဖော်ပြသည်။

အဆိုပါ ကောလာဟလ ဖြန့်မှုက နိုင်ငံတကာ မျက်နှာစာတွင် မြောက်ကိုရီးယားကို နာမည်ပျက်စေရန် ရည်ရွယ်သည့် အမေရိကန်၏ ‘ရန်လိုသော ကြိုးပမ်းမှု’ ၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။


(ကိုလူအေး ဘာသာပြန်သည်)

****************************************************************
END / 251