အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Irrawaddy
အင်္ဂါနေ့

၂၄ ဇန်နဝါရီ ၂၀၂၃

၁၉:၀၉:၅၆
1340847

NUG၊ CRPH နှင့် PDF တို့ကို မကူညီရန် ဖိအားပေးမှု မြောက်ပိုင်းမဟာမိတ် လက်မခံ

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီကို ဆန့်ကျင်နေသည့် အဖွဲ့များကို မကူညီရန် ဖိအားပေးမှုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ငြင်းဆန်ခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 


အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီ ကို ဆန့်ကျင်နေသည့် အဖွဲ့များကို မကူညီရန် ဖိအားပေးမှုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ငြင်းဆန်ခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

ယင်းသို့ ငြင်းဆန်ခဲ့သည့် အဖွဲ့များမှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ဖြစ်သည်။

နေပြည်တော်တွင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ပြုလုပ်ခဲ့သော ပွဲတွင် အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) က ယင်းသို့ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက “သူတို့က CRPH၊ NUG၊ PDF အဖွဲ့တွေကို ထောက်ပံ့ကူညီမှုတွေ မလုပ်ဖို့၊ လက်နက်ရောင်းဝယ်ပေးမှုတွေမလုပ်ဖို့ သဘောတူတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့က လက်မခံခဲ့ဘူး။ ကျနော်တို့ အကြိတ်အနယ် တော်တော်ဆွေးနွေးခဲ့ရတယ်။ သူတို့အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့မယ်ဆိုရင် ကျနော်တို့ကပြန်မယ်။ လှည့်ပြန်မယ်ဆိုတဲ့ အနေအထားထိဖြစ်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

သုံးရက်အကြာ ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးသို့ UWSP ၏ ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ၏ ဒုဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP ၏ ဒုဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှ NSPNC အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းတို့ တက်ရောက်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

အဆိုပါသတင်းထုတ်ပြန်ချက်ထဲတွင် “တွေ့ဆုံဆွေးနွေးပွဲတွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဘက်သဘောထားများကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုး၍ လဲလှယ်ခဲ့ကြသည်” ဟုဖော်ပြထားသည်ကိုလည်းတွေ့ရသည်။

ထိုအချက်နှင့်ပတ်သက်၍ မဟာမိတ် ၃ ဖွဲ့၏ သတင်းရင်းမြစ်တဦးက “သူတို့ နားလှည့်ပါးရိုက်ထုတ်ပြန်ထားတာပါ။ CRPH၊ NUG၊ PDF အဖွဲ့တွေကို မကူညီရဘူးဆိုတဲ့ အချက်ကို ကျနော်တို့ သဘောမတူထားပါဘူး။ သူတို့က ဒီအဖွဲ့တွေကို နိုင်ငံတော်ကို ပုန်ကန်တဲ့ အကြမ်းဖက်အဖွဲ့တွေလို့ သတ်မှတ်ပြီး ကျနော်တို့က အတည်ပြုပေးအောင် လက်မှတ်ထိုးခိုင်းတာ။ လက်ရှိအခြေအနေမှာ ဘယ်သူက အကြမ်းဖက် အဖွဲ့လဲဆိုတာ ခင်ဗျားတို့မီဒီယာသမားတွေလဲသိတာပဲ။ အဲဒီအချက် ကျနော်တို့ သဘောမတူခဲ့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇန်နဝါရီလအတွင်း နေပြည်တော်တွင် NSPNC နှင့် ၃ ရက်တာပြုလုပ်ခဲ့သော အစည်းအဝေးမှတ်တမ်းဓာတ်ပုံ

အဆိုပါဆွေးနွေးပွဲတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ထဲမှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီက UWSP၊ NDAA၊ SSPP တို့နှင့် NSPNC တို့ သုံးရက်တာ အစည်းအဝေး မှတ်တမ်း ရုပ်ပုံများနှင့် လက်မှတ်ထိုး လဲလှယ်သည့် ရုပ်ပုံများကို ၌တို့၏ ဝါဒဖြန့် မီဒီယာများနှင့် မိတ်ဖက်မီဒီယာများမှတဆင့် ထုတ်လွှင့်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ၊ စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ နိုင်ငံရေးပါတီများနှင့် လူထုက အထင်အမြင်လွဲမည်ကို စိုးရိမ်ကြောင်း UWSP၊ NDAA၊ SSPP မဟာမိတ်တို့၏ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များအရေးစောင့်ကြည့်လေ့လာသူ တဦးက “စစ်တပ်က ဘာလုပ်လုပ် စိတ်ဓာတ်စစ်ဆင်ရေး အပိုင်းကို ပြင်ဆင်ထားလေ့၊ လုပ်လေ့ရှိတယ်။ ဒီဘက်က EAOs တွေဘက်က ဒါတွေကို သတိထားသင့်တယ်။ စကစ က နိုင်ငံတကာက ပယ်ထုတ်ထားတာကို လူရာဝင်ဖို့ နည်းအမျိုးမျိုးနဲ့ လုပ်တဲ့နေရာမှာ EAOs တွေကိုလည်း အသုံးချနေတာ။ ဒါတွေကို မြင်ဖို့လိုတယ်” ဟု ဧရာဝတီသို့ပြောသည်။

****************************************************************
END / 251