အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၁ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၂၁:၃၃
1342878

စစ်ကောင်စီက နိုင်ငံတော်အာဏာလုယူထားမှုကို ကာလုံထောက်ခံမှုဖြင့် ၆ လ သက်တမ်း ထပ်တိုး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တယ်လို့ ဒီကနေ့ ကြေညာပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ  ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တယ်လို့ ဒီကနေ့ ကြေညာပါတယ်။

သက်တမ်း ၂ နှစ်ပြည့်သွားပြီဖြစ်တဲ့ စစ်ကောင်စီဟာ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ကာလုံအဖွဲ့အစည်းထံ ပြန်လည်အပ်နှံရမှာ ဖြစ်ပေမဲ့လည်း တိုင်းပြည်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့တာပါ။

ကာလုံအစည်းအဝေးအတွင်း စစ်ကောင်စီဒုဥက္ကဋ္ဌက လက်ရှိမြေပြင် လူဦးရေစာရင်း ကောက်ယူနေမှုတွေမှာ အခက်အခဲရှိနေမှုတွေ၊ ရွေးကောက်ပွဲပြုလုပ်ဖို့ လုံလောက်တဲ့ တည်ငြိမ်မှု မရှိသေးတာတွေကြောင့် ရွေးကောက်ပွဲကို အချိန်အတိုင်းအတာတခုရောက်မှ ပြုလုပ်ဖို့ တင်ပြခဲ့ပါတယ်။

ဒုတပ်ချုပ်ရဲ့ ဆွေးနွေးမှုကို ကာကွယ်ရေးဝန်ကြီး အပါအဝင် တခြား ကာလုံအဖွဲ့ဝင်တွေကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေအပေါ် အခြေခံကာ စစ်ကောင်စီ ခေါင်းဆောင်က ဖွဲ့စည်းပုံမှာ ၆ လ နှစ်ကြိမ် သက်တမ်းတိုးခွင့်သာရှိတာမှန်သော်လည်း လက်ရှိမှာ ရာနှုန်းပြည့် တည်ငြိမ်တဲ့ မြို့နယ် ၁၉၈ မြို့နယ်သာရှိသေးတဲ့အတွက်  နောက်ထပ် ၆ လ သက်တမ်းတိုးခွင့်ပေးဖို့ ကာလုံကို တောင်းဆိုခဲ့ပါတယ်။

ကာလုံအစည်းအဝေးကို ဦးဆောင်ပြုလုပ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေက အခြေခံဥပဒေပုဒ်မ ၄၂၅ အရ နောက်ထပ် ၆ လ သက်တမ်းတိုးကြောင်းနဲ့ အာဏာ ၃ ရပ်ကို စစ်ခေါင်းဆောင်ထံ ထပ်မံလွှဲပေးကြောင်း ကာလုံအစည်းအဝေးအတွင်း ကြေညာခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်ကနိုင်ငံတော်အာဏာကို  တရားမဝင် သိမ်းယူထားတာ  ၂ နှစ်ပြည့်တဲ့ ဇန်နဝါရီ ၃၁ ရက်  မနေ့မနက်ပိုင်းမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ ကာလုံဟာ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ့အားပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးလို့ သတ်မှတ် အချိန်ကာလ တိုးမြှင့်ပေးဖို့ အကျိုးအကြောင်း ဖော်ပြပြီး တင်ပြလာပါက သာမန်အားဖြင့် တကြိမ်လျှင် ၆ လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ပဲ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။  

ဒီပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ၆ လသက်တမ်းနှစ်ကြိမ်တိုင်တိုးထားပြီးဖြစ်လို့ ထပ်တိုးခွင့် မရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။  

ဒါပေမဲ့ သာမန်မဟုတ်တဲ့ အခြေအနေဖြစ်ပါက သက်တမ်းဆက်တိုးနိုင်တယ်လို့ ဖော်ပြမထားသလို ဘာဆက်လုပ်ရမယ်ဆိုတာလည်း  တိတိကျကျ ပြဋ္ဌာန်းထားတာလည်း မရှိပါဘူး။

စစ်ကောင်စီဩဇာခံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတော့ ဒါက အခြေခံဥပဒေနဲ့ ညီပါတယ်ဆိုပြီး ပြန်ကြားတယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

****************************************************************
END / 251