အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၉ ဖေဖော်ဝါရီ ၂၀၂၃

၂၁:၁၁:၁၈
1345143

တနင်္သာရီတိုင်း၌ ပြည်သူ ၁၂၀ ကျော် ဖမ်းဆီးခံရပြီး ၂ ဦး မီးရှို့သတ်ခံရ၊ မြိတ်မြို့တွင် စစ်တပ်က ဆဲဆိုကန်ကျောက် ဧည့်စာရင်းစစ်

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၁၂၆ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ၇၇ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တယ်လို့ FE5Tanintharyi က ပြုစုထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၁၂၆ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ၇၇ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တယ်လို့ FE5Tanintharyi က ပြုစုထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။

ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ လူသားဒိုင်းလုပ် ဖမ်းဆီးတာတွေ၊ ဖမ်းဆီးငွေညှစ်တာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “တနင်္သာရီတိုင်းမှာ စစ်ရေးအရှိန်မြင့်လာတာနဲ့အတူ စစ်ကောင်စီကလည်း PDF ကို ပစ်မှတ်ထားတာထက် ပြည်သူတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ စကစက မြေပြင်မှာ တိုက်ပွဲအကျအရှုံးများလာလေလေ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်လာတာတွေ့ရတယ်။ ဒီလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေကတော့ စကစရဲ့ ယုတ်မာရက်စက်တဲ့ လုပ်ရပ်တွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက အရပ်သားဖမ်းဆီးမှုတွေထဲမှာ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ အများဆုံးဖြစ်ပြီး မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်မှာတော့ ဖမ်းဆီးခံရသူတွေရှိပြီး ပုလောမြို့နယ်မှာ အရပ်သားပြည်သူ ၂ ဦး မီးရှို့သတ်ဖြတ်ခံရတယ်လို့လည်း အစီအရင်ခံစာအရ သိရပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက“စစ်ရေးကျင့်ဝတ်တွေကို မလိုက်နာဘဲ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တာကတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူးဗျ။ မတရားအာဏာသိမ်းထားတဲ့ စစ်မိစ္ဆာတွေကို ကျနော်တို့က အမြစ်ပြတ်ချေမှုန်းသွားမယ်”လို့ ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာတော့ ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်သားတွေက ဆဲဆိုပြီး နေအိမ်တံခါးတွေကန်ဖွင့်ကာ  ဧည့်စာရင်းစစ်ဆေးတာကြောင့် ရပ်ကွက်နေပြည်သူတွေ ကြောက်ရွံ့ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြိတ်မြို့ရှိ ဈေးတန်းရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက ဧည်စာရင်း စစ်ဆေးတယ်လို့ ဆိုပြီး နေအိမ်တံခါးတွေကို ကန်ဖွင့်ကာ စစ်ဆေးတာတွေလုပ်ခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။

“အရင်တုန်းက ဧည့်စာရင်း လာရောက်စစ်ဆေးတာတွေမျိုးတော့ မရှိဘူး။ အခုနောက်ပိုင်းမှာ စစ်ဆေးတာတွေ များလာတယ်။ သူတို့က အေးဆေးလာစစ်ဆေးတာမဟုတ်ဘူး၊ သူတို့ခေါ်တာ ကြာတယ်ဆိုပြီးတော့ ရပ်ကွက်အိမ်တံခါးတွေကို ကန်ဖွင့်ပြီး အတင်းဝင်စစ်တာ။ အရှေ့ရက်တွေတုန်းက ဈေးတန်းရပ်ကွက်မှာ အိမ်တံခါးတွေကို ကန်ဖွင့်ပြီး လာစစ်ဆေးသေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုတာ‌တွေလည်း လုပ်သွားတယ်တဲ့။ ရပ်ကွက်သားတွေအ‌နေနဲ့တော့ ဒီလိုစစ်ဆေးနေတော့ ကြောက်နေကြရတာပေါ့။”

ပြီးခဲ့တဲ့တခေါက် အင်းလေးမြိုင်ရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်မှာလည်း ဧည့်စာရင်း စစ်ဆေးတယ်လို့ အကြောင်းပြပြီး နေအိမ်တံခါးတွေရိုက်ချိုးကာ လာရောက်စစ်‌ဆေးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ခုလို မြိတ်မြို့ ရပ်ကွက်တချို့မှာ အရင်က အဲဒီလို ဝင်ရောက်စစ်ဆေးတာတွေမျိုး မရှိခဲ့ဘဲ အခု‌နောက်ပိုင်းမှာ နေအိမ်တံခါးတွေကန်ဖွင့်ပြီး စစ်ဆေးတာတွေ လုပ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

****************************************************************
END / 251