အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၃ ဖေဖော်ဝါရီ ၂၀၂၃

၂၀:၃၄:၄၃
1348572

ဒဂုံဆိပ်ကမ်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်စျေးကို စစ်တပ်က ဖျက်ဆီး

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာက စျေးဆိုင်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါင်းပြီး ဖျက်ပစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီးနောက် ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာက စျေးဆိုင်တွေကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ပေါင်းပြီး ဖျက်ပစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာရှိ စျေးဆိုင်ခန်းတွေကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ဖျက်ခဲ့ပြီး ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်က ဘူဒိုဇာနဲ့ပါ လာရောက်ထိုးကော်ပြီး ဖြိုပစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြောရရင် ရပ်ကွက်ရုံး အပစ်ခံရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ သူတို့ကို သတင်းမပေးလို့ ဖျက်ပစ်တာ။ မရှိလို့ လမ်းဘေးစျေးရောင်းစားပါတယ်ဆို ဖျက်ပစ်တော့ ဘာသွားလုပ်စားရမှာလဲ။”

မနေ့က မနက် ၁၁ နာရီကစတင်ကာ ကံ့ကော်စျေးလမ်းမကြီး လမ်းဘေးဝဲယာ စျေးဆိုင်ခန်းတွေဖျက်ဖို့ စစ်ကောင်စီတပ်နဲ့ လူမိုက်တွေ ရောက်လာပြီး ည ၁၂ နာရီ မတိုင်ခင် ဖျက်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ စျေးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကတည်းက ဖျက်ခိုင်းတာ၊ မဖျက်ရင် ပစ်သတ်မယ်လို့ပြောတယ် စစ်တပ်က။ တချို့ကလည်း ဖျက်တယ်၊ တချို့ကလည်း မဖျက်ဘူး၊ စောင့်ကြည့်မယ်ပေါ့။ ဒီမနက် ဘူဒိုဇာတွေပါ ခေါ်လာပြီး စစ်တပ်က ရောက်လာတာ။”

ကံ့ကော်စျေးလမ်းမကြီးရှိ လမ်းဘေးဝဲယာဆိုင်ခန်းတွေ မဖျက်ခင် စစ်ကောင်စီတပ်က ဖော်ဖော်ဝါရီ ၂၀ ရက်မှာ ကျူးကျော်တဲက လူငယ်သုံးဦးကို ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

ဒီနေ့ စစ်ကောင်စီတပ်က ဖြိုဖျက်ပစ်တဲ့ စျေးဆိုင်တွေဟာ ရန်ကုန်မှာ အိမ်ငှားခစျေးနှုန်း ကြီးမြင့်လာတာကြောင့် လမ်းဘေးဝဲယာမှာ တဲထိုးပြီး စျေးရောင်းကာ စာဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရသူတွေ ဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရာအိမ်မှူးနှစ်ဦး သေဆုံးပြီး ရာအိမ်မှူးသုံးဦးနဲ့ ကယ်ရီသမားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
****************************************************************
END / 251