အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂ မတ် ၂၀၂၃

၂၁:၀၉:၅၂
1350077

အာဖရိက တပ်များ ကို အမေရိကန်က အကြမ်းဖက် မှုတိုက်ဖျက်ရေး သင်တန်း ပို့ချ

အမေရိကန်ပြည်ထောင်စုဟာ အာဖရိကတပ်တွေအတွက် နှစ်စဉ်လုပ်နေကျ အကြမ်းဖက်မှု တိုက်ဖျက်ရေး သင်တန်းအစီအစဉ်ကို ဂါနာနိုင်ငံမှာ မတ်လ ၁ ရက်က စတင်ပြုလုပ်လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အမေရိကန်ပြည်ထောင်စုဟာ အာဖရိကတပ်တွေအတွက် နှစ်စဉ်လုပ်နေကျ အကြမ်းဖက်မှု တိုက်ဖျက်ရေး သင်တန်းအစီအစဉ်ကို ဂါနာနိုင်ငံမှာ မတ်လ ၁ ရက်က စတင်ပြုလုပ်လိုက်ပါတယ်။

အာဖရိကတောင်ပိုင်းကနေ နယ်မြေသစ်တွေဆီ ပျံ့နှံ့လာနေတဲ့ အစ္စလာမ္မစ် သူပုန်တွေကို တိုက်ဖျက်ရေး နယ်စပ်ကာကွယ်ရေးကို အားဖြည့်ဖို့ ဒီသင်တန်းက ရည်ရွည်ထားပါတယ်။

ဖလင့်ထ်လော့ခ်လို့ သိကြတဲ့ ဒီအစီအစဉ်ကို ဂါနာမြောက်ပိုင်း ဖုန်ထူတဲ့ ဒါဘိုယာမြို့က စစ်တပ်အခြေစိုက်စခန်းမှာ စတင်လေ့ကျင့်ခဲ့တာပါ။

အမေရိကန်နဲ့ ဥရောပ သင်တန်းဆရာတွေက အာဖရိကတလွှားက စစ်သည်တွေကို ကင်ထားသလိုပူတဲ့ အပူချိန်အောက်မှာ ပစ်ခတ်လေ့ကျင့်ရေးနဲ့ ရှေးဦးသူနာပြုစုနည်းတွေကို လေ့ကျင့်ပေးခဲ့ကြပါတယ်။

အကြမ်းဖက် အစွန်းရောက် အဖွဲ့အစည်းတွေကို တိုက်ဖျက်ဖို့ ဒေသတွင်း အဓိက မိတ်ဘက်နိုင်ငံတွေရဲ့ စွမ်းရည်ကို အားဖြည့်ပေးဖို့နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ဖို့၊ ပြည်သူတွေအတွက် လုံခြုံရေးပေးဖို့ ဒီသင်တန်းက ရည်ရွယ်တယ်လို့ အမေရိကန်ရဲ့ အာဖရိကစစ်တိုင်းက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

နိုင်ငံတကာတပ်တွေက ကုန်ကျစရိတ်ခံပြီး ကြားဝင်ကူညီပေးနေပေမဲ့ စစ်တပ်နဲ့ အရပ်သားတွေကို ပုံမှန်တိုက်ခိုက်တာတွေ ဆက်လုပ်နေတဲ့ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ၊ အယ်လ်ကိုင်းဒါးတွေနဲ့ ပတ်သက်နေတဲ့ အုပ်စုတွေရှိရာ အနောက်အာဖရိကအတွက် အတိမ်းအစောင်းမခံတဲ့အချိန်မှာ  ဒီသင်တန်း ပေါ်ပေါက်ခဲ့တာပါ။

၂၀၁၂ မှာ စခဲ့တဲ့ မာလီအခြေစိုက် သူပုန်ထမှုဟာ ခုတော့ ဒေသတွင်း အစ္စလာမ္မစ် အုပ်စုတွေကြား ပြိုင်ဆိုင်မှု ကွန်ရက်ကြီးအဖြစ် ဖောင်းပွလာခဲ့ပါတယ်။

ဒီအုပ်စုတွေက ကုန်းပိတ်နိုင်ငံတွေဖြစ်တဲ့ နိုင်ဂျာနဲ့ ဘာကီနာဖာဆို နိုင်ငံတွေက ကြီးမားတဲ့ ဧရိယာတလွှား လှုပ်ရှားလာခဲ့ကြပြီး လတ်တလောနှစ်တွေမှာတော့ ဘီနင်၊ တိုဂိုနဲ့ အိုင်ဗရီကို့စ်တို့ အပါအဝင် ကမ်းရိုးတန်းနိုင်ငံတွေအထိ ပျံ့နှံ့လာခဲ့ပါပြီ။

အကြမ်းဖက်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး လူသန်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

****************************************************************
END / 251