အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၂၉ မတ် ၂၀၂၃

၂၂:၁၉:၁၁
1354876

သက်စ်မီဒါ ဂျိုဟာရ် (သို့) အိန္ဒိယတွင်ဘွဲ့ရသည့် ပထမဆုံး ရိုဟင်ဂျာ အမျိုးသမီး

အိန္ဒိယကို ထွက်ပြေးသွားရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေထဲမှာ ပထမဆုံး ဘွဲ့ရသူတစ်ယောက် ပေါ်ထွက်လာပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယကို ထွက်ပြေးသွားရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေထဲမှာ ပထမဆုံး ဘွဲ့ရသူတစ်ယောက် ပေါ်ထွက်လာပါတယ်။

သူမကတော့ အသက် ၂၆ နှစ်အရွယ် သက်စ်မီဒါ ဂျိုဟာရ်ဖြစ်ပါတယ်။

“ကျွန်မအကြောင်းတွေ ရေးတာမြင်ရတော့ တော်တော်ပျော်ပါတယ်။ အရင်တုန်းက ဒီလို၊ ဟိုလို။ စသဖြင့်ပေါ့။ တစ်ချိန်တည်းမှာလည်း ၀မ်းနည်းမိတယ်။ အောင်မြင်မှုရတဲ့အတွက် ကျွန်မပျော်တယ်။ ရိုဟင်ဂျာတွေထဲမှာ ကျွန်မက ပထမဆုံးဖြစ်တယ်ဆိုပေမယ့် ကျွန်မနေရာကို ရောက်ချင်တဲ့သူတွေ ရောက်လာနိုင်အောင် ကြိုးစားခွင့်မရတဲ့အတွက် ၀မ်းနည်းမိပါတယ်”

နှစ်ကြိမ် ထွက်ပြေးရသူ

———————-

ဂျိုဟာရ်ဟာ မိသားစုနဲ့အတူ နှစ်ကြိမ်တိုင်တိုင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပါ။

မြန်မာနိုင်ငံမှာ မွေးဖွားပြီး မိဘတွေက သူ့ကို သက်စ်မင် ဖာတီမာဆိုတဲ့အမည် ပေးခဲ့ပါတယ်။ ကျောင်းတက်နိုင်ဖို့အတွက် သူမဟာ မူရင်းနာမည်ကို ဗမာအမည်နဲ့ ပြောင်းခဲ့ရပါတယ်။

သူ့ဖခင်ဟာ သစ်သီး၀လဲရောင်းတဲ့လုပ်ငန်း လုပ်ပေမယ့် အာဏာပိုင်တွေကြောင့် စီးပွားပျက်ခဲ့ရပါတယ်။

“ကျွန်မအဖေ အမာနွလ္လာဟ် ဂျိုဟာရ်က အသီးတွေ တင်ပို့ရောင်းချတဲ့ လုပ်ငန်း လုပ်ပါတယ်။ ရဲတွေက အဖေ့ကို မကြာမကြာဖမ်းဆီး ပိုက်ဆံတောင်းပါတယ်”

စာသင်ကျောင်းတွေမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့လည်း သူမကဆိုပါတယ်။

မြန်မာစစ်အာဏာရှင်တွေက ရိုဟင်ဂျာတွေအေပါ် ဖိနှိပ်ချုပ်ချယ်မှု ပိုမိုလုပ်ဆောင်လာတာကြောင့် ၂၀၀၅ ခုနှစ်မှာ သူမနဲ့ မိသားစု၀င်တွေဟာ ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက် ဘဇားရ်ကို ထွက်ပြေးခဲ့ရပါတယ်။

အသက် ၆၄ နှစ်အရွယ် သူ့ဖခင်ဟာ နေ့စားအလုပ်ကြမ်းသမားအဖြစ် လုပ်ခဲ့ရပြီး ၅၆ နှစ်အရွယ် မိခင် အမီနာခါတွန်လည်း စက်ရုံမှာ အလုပ်၀င်လုပ်ခဲ့ရပါတယ်။

ဂျိုဟာရ်ဟာ မြန်မာနိုင်ငံမှာ ၃ တန်းအထိ နေဖူးပြီး ဘင်္ဂလားဒေ့ရှ်ရောက်တဲ့အခါမှာတော့ ၁ တန်းက ပြန်တက်ရပါတယ်။ မြန်မာနဲ့ ရိုဟင်ဂျာဘာသာစကားအစား ဘန်ဂါလီ၊ အူရဒူ၊ အင်္ဂလိပ်တို့ကို သင်ခဲ့ရပြီး၊ အိန္ဒိယရောက်တဲ့အခါ ဟိန္ဒူဘာသာစကားကို သင်ယူခဲ့ရပါတယ်။

၂၀၁၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာလူ့အဖွဲ့အစည်း တိုက်ခိုက်ခံရပြီး ဂျိုဟာရ်ရဲ့ဖခင်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် သူတို့မိသားစုဟာ အိန္ဒိယနိုင်ငံ ဟာရ်ယာနာပြည်နယ်ကို ထပ်မံထွက်ပြေးခဲ့ပါတယ်။ ပညာရေးအခွင့်အလမ်း မသေချာတာကြောင့် အဲဒီကနေတစ်ဆင့် မြို့တော်ဒေလီ အရှေ့တောင်ဘက်က ကာလင်ဒီကွန်ဂျ်စခန်းမှာ အခြေချခဲ့ပါတယ်။

ကြောက်ရွံ့မှုတွေရှိခဲ့

———————

အိန္ဒိယနိုင်ငံကို ရောက်စက စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိခဲ့တယ်လို့ ဂျိုဟာရ်ကဆိုပါတယ်။ သူမဟာ ဟင်ဒီစကားလည်း မတတ်ပါဘူး။

“ကျွန်မဘာလူမျိုးလဲဆိုတာ ကျောင်းကလူတွေကို ပေးမသိပါဘူး။ အခွင့်အရေးပေးတာမျိုး၊ ခွဲခြားဆက်ဆံခံရတာမျိုး နှစ်ခုစလုံး မလိုချင်လို့ပါ။ အိန္ဒိယမှာလည်း ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံမှုတွေ တော်တော်များများ ခံရပါတယ်။ ဒ့ါကြောင့် ကျွန်မဘာလူမျိုးလဲဆိုတာ ထုတ်မပြောပါဘူး”

ကျောင်းနဲ့ ကောလိပ်ကို သူမဟာ ဘတ်စ်ကားစီး သွားရပါတယ်။

“များသောအားဖြင့် ကားမှာ ကျွန်မ ခုံမရပါဘူး။ ကျွန်မတို့ ကြုံခဲ့ရတာတွေနဲ့ယှဥ်ရင် ဒါက ဘာမှ မပြောပလောက်ပါဘူး။ အခက်အခဲတွေကြားက ရရှိတဲ့ အောင်မြင်မှုအရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး”

အိန္ဒိယမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကိုလည်း သူမက ဖွင့်ဟပါတယ်။

“မိန်းကလေးတွေကို စာသင်ဖို့လွှတ်ရင် အစိုးရကပဲ ဖမ်းသွားမလား၊ ပြန်ပေးဆွဲခံရမလား၊ အဓမ္မကျင့်ခံရမလား၊ ရောင်းပဲစားခံရမလားဆိုပြီး ရိုဟင်ဂျာတွေက စိုးရိမ်ကြတယ်။ မြန်မာနိုင်ငံမှာ ဒါမျိုးတွေ ခံစားခဲ့ရတော့ ကြိုတွေးပြီး ကြောက်နေကြတာပါ”

မိတ်ဆွေတွေကလည်း သူ့မိဘတွေကို ‘ခင်ဗျားသမီးကို ကျောင်းထားပြီး ဘာလုပ်မှာလဲ’ ‘တစ်ခုခုဖြစ်သွားမှာ မကြောက်ဘူးလား’ လို့ ပြောကြပါသေးတယ်။

သူအောင်မြင်တာမြင်တဲ့အခါမှာတော့ သဘောထားတွေပြောင်းသွားကြတယ်လို့ ဂျိုဟာရ်က ပြောပါတယ်။  

“ကျွန်မသတင်းတွေ မြင်လာတဲ့အခါ သူတို့လည်း ဒီလိုဖြစ်နိုင်တာပဲဆိုတာမျိုး သိလာကြပါတယ်။ သူတို့စိတ်ထဲမှာ အပြောင်းအလဲ နည်းနည်းတော့ ဖြစ်သွားတယ်။ ‘သူဖြစ်လာနိုင်တာဆိုတာ သိသားပဲ’ ‘ငါတို့သမီးလည်း သူ့လို ဖြစ်စေရမယ်’ ဆိုတာ မျိုး ပြောလာကြပါတယ်”

အကျိုးခံစားရ

——————-

ဂျိုဟာရ်ရဲ့အောင်မြင်မှုကြောင့် ပတ်၀န်းကျင်က ရိုဟင်ဂျာလူ့အဖွဲ့အစည်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။

အသက် ၂၁ နှစ်အရွယ် မီဇန် ဟူစိန်က “အမေက ကျွန်မကို ပံ့ပိုးပေးတာ ဂျိုဟာရ်ကြောင့် အများကြီးပါပါတယ်။ အခုဆို အမေက နားလည်သွားပြီ။ ကျွန်မကိုလည်း အပြင်ထွက်ပြီး ကျောင်းတက်ဖို့ မတားတော့ဘူး”

ဂျိုဟာရ်ရဲ့မိခင်က သူမရဲ့သမီးကို အဆင့်မြင့်ပညာတွေ ဆက်လက်ဆည်းပူးစေချင်ပါတယ်။

“ကျွန်မသမီးကို ထိခိုက်လွယ်သူတွေ၊ ချို့တဲ့သူတွေ၊ ဖိနှိပ်ခံအမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အသံကို ထုတ်ပေးသူတစ်ယောက် ဖြစ်စေချင်ပါတယ်။ ကျွန်မတို့လို ဒုက္ခသည်တွေမှာ ကလေးတွေကိုပေးဖို့ အမွေဆိုတာ ပညာရေးကလွဲရင် ဘာမှမရှိပါဘူး”

UNHCR ရဲ့ Duolingo အစီအစဥ်က အဆင့်မြင့်ပညာသင်ယူဖို့ ရွေးချယ်တဲ့ ကျောင်းသား ၂၅ ယောက်ထဲမှာ ဂျိုဟာရ်ပါ၀င်ပြီး ကနေဒါနိုင်ငံ Wilfred Laurier တက္ကသိုလ်မှာလည်း သူမဟာ ကျောင်းလျှောက်ထားပါတယ်။

အနာဂတ်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဂျိုဟာရ်က ပြောပါတယ်။

“ဖိနှိပ်ခံအမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရေး၊ အမျိုးသမီးငယ်တွေ လူကုန်ကူးခံရမှုကနေ လွတ်ကင်းရေး ကျွန်မ တိုက်ပွဲ၀င်သွားပါမယ်။ နိုင်ငံတကာ ခုံသမာဓိရုံးကို သွားပြီး ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကို ပြောပြဖို့ဟာ ကျွန်မရဲ့ ရည်ရွယ်ချက်ပါ။ ဘိုးဘွားမြေကနေ ဘယ်လို မောင်းထုတ်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကို ရိုဟင်ဂျာတွေကိုယ်တိုင် ပြောပြတာမျိုးက ပိုပြီးသင့်တော်မှာပါ”

****************************************************************
END / 251