အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၃၁ မတ် ၂၀၂၃

၂၃:၀၆:၀၁
1355217

တရက်တည်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ၆၅ ဦးသေဆုံးဟု NUG ပြော

မတ် ၃၀ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၆၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မတ် ၃၀ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၆၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၄၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်၊ ယင်းမာပင်၊ စစ်ကိုင်းနဲ့ ကနီမြို့နယ်တွေမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မြောင်မြို့နယ်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ရွှေကူမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူတွေကို တိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီကား ၇ စီးကို PDF တို့က ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ထဲမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ပခုက္ကူမြို့နယ်မှာတော့ စစ်ကောင်စီယာဉ်တန်းကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲမှာလည်း စစ်ကောင်စီ ရဲ ၂ ယောက်ကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေး၊ မကွေး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

****************************************************************
END / 251