အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၁၉ ဇွန် ၂၀၂၃

၂၀:၃၀:၄၄
1374077

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ပြင်သစ်ဂုဏ်ပြု၊ နိုင်ကျဉ်းအားလုံး ပြန်လွှတ်ရန် တောင်းဆို

ဇွန် ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇွန် ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ်စ်ရှန် လက်ချဗီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်အာဏာသိမ်းပြီးချိန်ကတည်းက အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ပြင်သစ်နိုင်ငံရဲ့ တောင်းဆိုချက်ကိုလည်း ထပ်မံ တောင်းဆိုလိုက်တာပါ။

အသက် ၇၈ နှစ်အရွယ် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က မတရားဖမ်းဆီး အာဏာသိမ်းယူခဲ့ကာ အမှုပေါင်း ၁၉ မှုနဲ့ သက်သေ ထင်ရှားမရှိဘဲ စွပ်စွဲပြီး  ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ် အထိ ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နေပြည်တော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတာပါ။

အဲ့ဒါကြောင့် ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း သူ့မွေးနေ့ ၁၈ ကြိမ်ကို အကျဉ်းချခံနေရတုန်းမှာ ဖြတ်သန်းခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံတွေ အသီးသီးက မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင် ပြည်တွင်း ပြည်ပက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချင်ခင်လေးစားကြသူတွေက မွေးနေ့ ဆုတောင်းပွဲတွေ၊ အမြန်ဆုံး လွတ်မြောက်နိုင်ရေး လူထုသပိတ်လှုပ်ရှားပွဲတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၆၃ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၃၆၁ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၀၂၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၄၂၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


***************************************************************
END / 251