အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၁၇ ဖေဖော်ဝါရီ ၂၀၂၄

၁၉:၅၄:၄၆
1438582

မန္တလေးနှင့်စစ်ကိုင်းတိုင်းက မြို့များကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ အင်အားသုံး တိုက်ခိုက် သတ်ဖြတ်နေ

မန္တလေးတိုင်း၊ မတ္တရာနယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားသုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်တွေ မီးရှို့တာနဲ့ အပြစ်မဲ့ပြည်သူတွေအား သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

  အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးတိုင်း၊ မတ္တရာနယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားသုံး  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ နေအိမ်တွေ မီးရှို့တာနဲ့ အပြစ်မဲ့ပြည်သူတွေအား သတ်ဖြတ်တာတွေ  ဆက်တိုက်ပြုလုပ်နေပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့ပေါ်ကထွက်လာတဲ့ စစ်ကား ၅ စီးဟာ သနပ်ကုန်း၊ အောက်တောင်ကိုင်း၊ ဆောက်ခြုံပေါက်၊ ဟင်္သာကုန်းရွာတွေဘက်ကို ဝင်ရောက်ပစ်ခတ်မီးရှို့ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ကပ်လျက်ရှိနေတဲ့ မတ္တရာမြို့နယ်မှာ မန္တလေး-စစ်ကိုင်း PDF အဖွဲ့တွေ အားကောင်းခဲ့တာကြောင့် စစ်ကောင်စီက အင်အားသုံးထိန်းချုပ်ဖို့ ဆက်တိုက်ကြိုးစားခဲ့တာဖြစ်ပါတယ်။

မတ္တရာမြို့နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်း၊ ဝက်လက်မြို့နယ်တွေမှာ PDF ပူးပေါင်းအဖွဲ့တွေ စုဝေးနေနိုင်တယ်ဆိုတဲ့ တွက်ဆချက်နဲ့ စစ်ကောင်စီက ပိုက်စိပ်တိုက်ရှာဖွေတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မန္တလေးဂေါဝိန်ဆိပ်ကနေ ထွက်လာတဲ့ စစ်ရေယာဉ်တွေကလည်း ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို ရေလမ်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မတ္တရာ PDF အဖွဲမှ ဆရာတိုးက  "သနပ်ကုန်းရွာက CDM ကျောင်းဆရာ၊ ဆရာမ ၅ ဦးအဖမ်းခံရတယ်။ အောက်တောင်ကိုင်းမှာက ဒေသခံပြည်သူ လူငယ် ၂ ယောက်အဖမ်းခံရတယ်။ အဲ့ဒီဟာအလောင်းတွေ့တယ်။ ဆောက်ခြုံပေါက်ရွာကို မီးရှို့တယ်၊ ဟင်္သာကုန်းရွာကိုမီးရှို့တယ်၊ အပြန်မှာ အဲ့လူငယ် ၂ ယောက်ကို လမ်းမှာသတ်သွားတယ်၊ အလောင်းတွေ့တယ်၊ ပြည်သူလူထုကြီး တရပ်လုံးအနေနဲ့ ကြားနေဆိုတာ မရှိပါဘူး။ အခုလည်း ကြားနေမရှိဘူး ဆိုတာကို မင်းအောင်လှိုင်က ခေါင်းထောင်ပြနေပြီ။ အဲဒီတော့ ဘာလုပ်ကြမှာလဲဆိုတဲ့မေးခွန်းကို ပြည်သူလူထုကြီးကို မေးရလိမ့်မယ်"လို့ ပြောပါတယ်။

မန္တလေး-မုံရွာ-ကောလင်း ကုန်သွယ်ရေးလမ်းပေါ်မှာ အဓိကကျတဲ့ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာလည်း ကုန်တင်ကားအများအပြားပိတ်မိနေပြီး အဲ့ဒီကုန်သွယ်ရေး လမ်းကြောင်းကို စစ်ကောင်စီက မကြာခဏလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ကောလင်း၊ ရွှေပြည်အေး၊ မော်လူး၊ ခမ်းပတ်မြို့တွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူခဲ့တဲ့နောက်မှာ ကျွန်းလှမြို့နယ်ထဲက ကုန်သွယ်ရေးလမ်းကို စစ်ကောင်စီက ပိုပြီးပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ကျွန်းလှနယ် မော်တုံရွာက အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၂ ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျွန်းလှ PDF တပ်ဖွဲ့ဝင်တဦးက "ကျွန်းလှမြို့နယ် မော်တုံရွာအနောက်ပေါ့နော်။ ရှိတာကတော့ စားသောက်ဆိုင်ထဲမယ် မိန်းကလေး ၃ ယောက်ရှိတယ်။ ယောကျ်ားလေး ၁ ယောက်ရှိတယ်။ မိန်းကလေး ၃ ယောက်ထဲမှာ ၁ ယောက်ကတော့ ရော့ကတ်ထိမှန်ပြီးတော့ သေဆုံးသွားတယ်။ ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာနဲ့ပေါ့။ သူတို့ကတော့ လောလောဆယ်တော့ ဆေးကုသမှု ခံယူနေတာပေါ့။ သူတို့ပစ်သွားတာက တကယ့်ရွာကြားတွေထဲ ကုန်ကားတွေပေါ့နော် အဲ့ဒါမျိုးတွေ ပစ်သွားတာ၊ ကုန်စည်ကူးသန်းတဲ့လမ်းကြောင်းကိုပစ်သွားတာလေ" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း စစ်ကောင်စီက PDF တွေကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး မြင်းစီးကျေးရွာအနီးတောတိုက်ထဲမှာ ပုန်းနေတဲ့ ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ရွှေဘို PDF တပ်ဖွဲ့ဝင်တဦးက "၆ ဦးထဲမှာ ၃ ဦးက အသတ်ခံရတာ သေချာသွားတာ။ ခုဏ စောစောလေးကမှ နောက် ၃ ဦးလည်း သတ်ဖြတ်ခံလိုက်ရတာ။ ၆ ဦးထဲမှာ ၁ ဦးက ကိုယ်ဝန် ၇ လနဲ့ ၃ နှစ်အရွယ် ကလေးရောပါသွားတာ။ လမ်းကြောင်းရှင်းတာက ပြဿနာမရှိဘူး။ အဲ့ကြားထဲမှာရှိတဲ့ သာမန်ပြည်သူတွေကို သတ်သွားတာက ပြဿနာပဲပေါ့" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ခက်ခဲနေတာဟာ ချင်း၊ ကချင်၊ ရခိုင် နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိစပ်ပံ့ပိုးမှုတွေကြောင့်ဖြစ်ပါတယ်။ စစ်ကောင်စီက စစ်ရေးတိုက်ခိုက်မှုအပြင် လူမျိုးရေးဘာသာရေးမကျေလည်မှုတွေကို အသုံးချပြီး ဒေသတွင်း နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျွန်းလှဒေသခံတယောက်က ပြောပါတယ်။

ကျွန်းလှ ကန့်ဘလူ နယ်စပ်ဒေသတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ နဂိုကတည်းက မကျေလည်ခဲ့တဲ့ ရှမ်းနီတပ် SNA ကို အသုံးချပြီး စစ်ကောင်စီက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

****************************************************************
END / 251