အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၉ မတ် ၂၀၂၄

၂၀:၂၅:၀၅
1443300

ပြည်မြို့ ကမ်းနားလမ်းရှိ ပြည်ဟိုတယ်အဟောင်း မီးလောင်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းမှာရှိတဲ့ ပြည်ဟိုတယ်အဟောင်းမှာ ဒီနေ့ မတ် ၉ ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းမှာရှိတဲ့ ပြည်ဟိုတယ်အဟောင်းမှာ ဒီနေ့ မတ် ၉ ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့နယ်စည်ပင်ပိုင် ပြည်ဟိုတယ်အဟောင်းမှာ ဒီကနေ့ မနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့​တာကြောင့် သွားရောက်ကူညီပေးခဲ့တယ်လို့ ကူညီငြှိမ်းသတ်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“မီးစလောင်တာက ၁၀ နာရီခွဲလောက်ကလို့ သိရပါတယ်။ ဟိုတယ်ကလည်း တော်တော် ဟောင်းနေပါပြီ။ ပျဉ်ထောင်လိုင်းခန်း ၂ ခန်းတွဲ တောက်လျှောက်လောင်တာပေါ့။ ဘယ်လိုဖြစ်ပြီး လောင်တာလဲဆိုတာကိုတော့ တာဝန်ရှိသူတွေ စိစစ်နေပါတယ်” လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုဖြစ်ပွားရာကို ပြည်ခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အရန်မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ ပရဟိတအသင်းယာဉ် ၂ စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မနက် ၁၁ နာရီ မိနစ် ၂၀ အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်ဌာနဆီက ​သိရပါတယ်။

ဟိုတယ်မီးလောင်မှုအတွင်း အမျိုးသားတယောက် မီးသတ် ရေပိုက်ခေါင်းနဲ့ရိုက်မိခဲ့တာကြောင့် ပုဂ္ဂလိကပြင်ပဆေးခန်းကို ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ ညနေပိုင်းကလည်း ပြည်မြို့ သန္ဓေပင်ရပ်မှာ ဂတ်စ်အိုးပေါက်ကွဲခဲ့ရာက နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး လေဖြန်းနေတဲ့ အဘိုးအိုတယောက် သေဆုံးခဲ့ပါတယ်။

****************************************************************
END / 251