အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္လာနေ့

၁၈ မတ် ၂၀၂၄

၂၀:၃၂:၅၄
1445398

စစ်မှုထမ်းစာရင်း၌ ကာယကံရှင် မသိဘဲ ပါဝင်နေ

ပဲခူးတိုင်း မိုးညို၊ တာပွန်၊ ပြည်၊ ကွမ်းခြံကုန်းနဲ့ ကရင်ပြည်နယ် ဘားအံမြို့တို့မှာ စစ်မှုမထမ်းလိုသူတွေကို ငွေတောင်းခံတာ၊ ကာယကံရှင်မသိဘဲ လူစာရင်းထည့်တာတွေကြောင့် လူငယ်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပဲခူးတိုင်း မိုးညို၊ တာပွန်၊ ပြည်၊ ကွမ်းခြံကုန်းနဲ့ ကရင်ပြည်နယ် ဘားအံမြို့တို့မှာ စစ်မှုမထမ်းလိုသူတွေကို ငွေတောင်းခံတာ၊ ကာယကံရှင်မသိဘဲ လူစာရင်းထည့်တာတွေကြောင့် လူငယ်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းလိုက်ပြီး တတိုင်းပြည်လုံးက နေရာအနှံ့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေနဲ့ လိုက်လံခေါ်ယူနေတာကြောင့် လူငယ်တွေ ပြည်ပနိုင်ငံတွေကို တရား၀င်နဲ့ တရားမဝင် တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီက ပထမဆုံးအသုတ်အနေနဲ့ အသက် ၂၄ ကနေ ၃၀ အထိကို စစ်မှုထမ်းဖို့ သတ်မှတ်ထားပေမဲ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ထဲက ကျေးရွာတရွာမှာတော့  အသက် ၃၀ ကျော်နေပေမဲ့ အလှူငွေ ထည့်ခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဘားအံမြို့မှာတော့ ၁၈ နှစ်ပြည့်ပြီး စစ်မှုထမ်းဖို့ မလိုက်ချင်သူတွေကို တယောက် ၂ သိန်းနှုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တောင်းခံပြီး အဲဒီငွေတွေနဲ့ လိုက်မယ့်သူတွေကို အခကြေးငွေပေး ခေါ်နေတယ်လို့ ဘားအံမြို့မှာ နေသူတယောက်က ပြောပါတယ်။

နတ်တလင်း၊ တာပွန်နဲ့ မိုးညိုမြို့နယ်တို့က မယင်းငယ်ကျေးရွာ၊ မကျီးစုကျေးရွာအုပ်စု၊ ချောင်းသုံခွကျေးရွာအုပ်စုနဲ့ ဖလန်ချောင်းကျေးရွာတွေမှာလည်း စစ်မှုထမ်း လူစာရင်းထွက်လာတာကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေရဲ့  မိဘတွေကို ဖမ်းဆီးပြီး သားဖြစ်သူတွေနဲ့ ပြန်လဲခိုင်းပြီး စစ်ကားတွေနဲ့ ခေါ်သွားတာလို့ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြည်မြို့နယ်မှာလည်း ရပ်ကွက်အလိုက် တရပ်ကွက်ကို ၁၇ ယောက်ကနေ ၃၀ အထိ ကာယကံရှင်တွေမသိဘဲ စာရင်းထဲ ထည့်ထားတာ၊ တအိမ်တည်းမှာ မောင်နှမ ၂ ယောက် ပါနေတာနဲ့ မှတ်ပုံတင်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အများအပြားလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်စာရင်းပါလာတဲ့ အစ္စလာမ်ဘာသာ၀င်တွေရဲ့ အိမ်တွေကိုလည်း ရာအိမ်မှူးတွေက ငွေသိန်းချီ တောင်းယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြည်မြို့နယ် မြွေရိုးရွာမှာလည်း စစ်မှုထမ်း ၇၆ ယောက်စာရင်း ထွက်လာခဲ့ပြီး ဒေသခံတွေ ၀ိုင်းဝန်းကန့်ကွက်တာကြောင့် မဲနှိုက်မယ့်အစီအစဥ် ပျက်သွားကြောင်း၊ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စ အကြောင်းပြပြီး ငွေကောက်ခံဖို့ စီစဉ်နေကြောင်း ဒေသခံတယောက်က ပြောပါတယ်။
****************************************************************
END / 251