အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၂၇ မတ် ၂၀၂၄

၂၀:၂၇:၀၂
1447264

မြောက်ဥက္ကလာပ ရပ်ကွက်ရုံးများတွင် သတိပေးစာကပ်ခံရပြီး အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်ရုံးတချို့မှာ မတ်ဒုတိယအပတ်က သတိပေးစာ စတင်အကပ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်ရုံးတချို့မှာ မတ်ဒုတိယအပတ်က သတိပေးစာ စတင်အကပ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ဟာ ရပ်ကွက် ၁၇ ခုနဲ့ မြို့သစ်အဆင့်ရှိ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်တို့အပါအဝင် စုစုပေါင်း ရပ်ကွက် ၁၉ ခုနဲ့ ဖွဲ့စည်းထားတာပါ။

သတိပေးစာအကပ်ခံရတဲ့ ရပ်ကွက်တွေထဲမှာ ကျောက်ရေတွင်း၊ တံတားကြီး၊ ပုရွက်ဆိပ်ကုန်း၊ (ဌ) စတဲ့ ရပ်ကွက်တွေပါဝင်ပြီး ၂၀၂၄ ခုနှစ် မတ် ၂၄ ရက်‌ တပေါင်းလပြည့်နေ့က စတင်ခဲ့တာလို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့ခံတယောက် “စစ်မှုထမ်းကိစ္စကြောင့်ပါပဲ၊ စာကပ်သွားတဲ့ ရုံးက ပိတ်ထားတာ ကြာပြီ။ ဧည့်စာရင်းဆို ဓမ္မာရုံ‌မှာပဲ သွားတိုင်ရတာ၊ ရုံးတံခါးအဝင်အဝမှာ စာရေးပြီး လာကပ်သွားတာ။ စာထဲမှာ ခင်ဗျား မိန်းမ မုဆိုးမ မဖြစ်ချင်ရင် နုတ်ထွက်ပါလို့ ပါတယ်။ ဥက္ကဋ္ဌက စာမြင်ပြီး သတိလစ်နေတာ ၂ ရက်လောက်ရှိပြီ အခု မေဓါဝီဆေးရုံမှာ” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေမှာ ‌စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအတည်မပြုခင် ရက်ပိုင်းလောက်ကတည်းက ကျား/မ လူဦးရေ၊ အသက်အရွယ်စာရင်းကို လိုက်လံကောက်ခံနေခဲ့တာပါ။

ရန်ကုန်က ဒေါပုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့မှာ မတ်လဆန်းကစပြီး စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဖို့ သက်ပြည့်လူငယ်တွေကို မဲနှိုက်ရွေးချယ်တာတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးအဖွဲ့နဲ့ ရပ်ကျေးစစ်မှုထမ်းရွေးချယ်ရေးအဖွဲ့တွေက ဦး‌ဆောင်လုပ်နေခဲ့ပေမဲ့ မြောက်ဥက္ကလာပမြို့နယ်မှာပါ စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ပွဲပြုလုပ်ဖို့ စီစဉ်နေတာကြောင့် သတိပေးစာနဲ့ သတိပေးခံရတာပါ။

ရပ်ကွက်ရုံးနဲ့ နီးသပ်သူတဦးက “ စာကပ်ခံရတာရော ဖုန်းဆက်ပြီး သတိပေးခံရတာရော ရှိတယ်။ လပတ်အစည်းအဝေးမှာတော့ ထွက်စာတင်ထားသူတွေ ရှိပါတယ်။ ရပ်ကွက် ၄ ခုလောက်အထိ တက်လာတယ်။ ထွက်စာတင်တာက အုပ်ချုပ်ရေးမှူးတွေချည်းပဲ။ ရာအိမ်မှူးတို့ ဘာတို့တော့ မပါဘူး။ ပေးထွက်ခိုင်းမလား လုံခြုံရေးပေးမလားတော့ မသိသေးဘူး”လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းကောက်ခံတာနဲ့ တွေ့ဆုံရေးကိစ္စတွေအပြင် ဧည့်စာရင်း၊ ထောက်ခံစာကိစ္စတွေမှာ ရပ်ကွက်ရုံးတာဝန်ရှိသူတွေက ရပ်ကွက်လုပ်အားပေးတွေကို နေ့စားနဲ့ ခေါ်ခိုင်းနေတယ်လို့ သိရပြီး မြို့နယ်အတွင်း ဧည့်စာရင်းစစ်ဆေးမှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာတော့ စစ်ကောင်စီဘက်က ဖိအားပေးတောင်းခံလာတဲ့ စစ်မှုထမ်းဖို့ လူစာရင်း မပေးနိုင်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ လောက် နုတ်ထွက်သွားတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းက စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ စာရင်းကောက်ယူရေးအဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီအလိုကျ စာရင်းကောက်တာနဲ့ အဓမ္မစစ်သားစုဆောင်းတာတွေမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတာကြောင့် တချို့မြို့နယ်တွေမှာ ရက်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြပြီး ပစ်သတ်ခံရမှုတွေလည်း များလာနေပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ စာရင်းကောက်ယူရေး ဖွဲ့စည်းပြီး မတ် ၁ ရက်မှ ၂၄ ရက်အတွင်း ကျိုက်ထို၊ ရွှေဘို၊ ရေတာရှည်၊ စဥ့်ကူး၊ စလင်း၊ အုတ်ဖို၊ ဝမ်းတွင်း၊ ငါန်းဇွန်၊ တောင်ငူ၊ အမရပူရ၊ သဲကုန်းမြို့၊ သပိတ်ကျင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၁၆ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ DVB သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

****************************************************************
END / 251