အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၁၀ ဧပြီ ၂၀၂၄

၂၀:၃၀:၃၂
1450535

ရခိုင်စစ်ရှောင်များကို WFP က စားနပ်ရိက္ခာ ဆက်လက်ထောက်ပံ့မည်

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်ဘေးရှောင်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က အရေးပေါ် ကယ်ဆယ်ရေး စားနပ်ရိက္ခာ ထောက်ပံ့ကူညီသွားဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဧပြီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်ဘေးရှောင်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က အရေးပေါ် ကယ်ဆယ်ရေး စားနပ်ရိက္ခာ ထောက်ပံ့ကူညီသွားဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဧပြီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ် ၁၉ ရက်ကနေ ဧပြီ ၈ ရက်အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင် ၂၀,၀၀၀ နီးပါးကို အရေးပေါ်ကယ်ဆယ်ရေး စားနပ်ရိက္ခာထောက်ပံ့ထားပြီဖြစ်ပြီး နောက်ထပ် ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်ဘေးရှောင်တွေကိုလည်း ထောက်ပံ့ပေးသွားဖို့ စီစဥ်ထားတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

စစ်ရေးပြင်းထန်လာတာနဲ့အမျှ ရခိုင်ပြည်နယ်မှာလည်း စစ်ဘေးရှောင်ဦးရေ မြင့်တက်လာနေပြီး အရင်က စားနပ်ရိက္ခာ ဖူလုံခဲ့တဲ့သူတွေတောင် စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ကုလက ပြောထားပါတယ်။

ဒါ့အပြင် WFP အနေနဲ့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးရှိ စားနပ်ရိက္ခာ လိုအပ်နေသူတိုင်းကို ထောက်ပံ့ပေးသွားဖို့ ကြိုးစားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

စားနပ်ရိက္ခာ ရှားပါးမှုအပြင် အပူဒဏ်ပြင်းထန်လာတဲ့အတွက် အမိုးအကာတွေပါ အရေးတကြီး လိုအပ်နေဆဲလို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့မယ်ဆိုတော့ စစ်ရှောင်တွေအတွက် အသက်ရှူ ချောင်တာပေါ့။ အခုက နေပူဒဏ်လည်း တော်တော်လေး ပြင်းလာတယ်ဆိုတော့ အမိုးအကာတွေလည်း အရေးတကြီး လိုအပ်တာတွေရှိတယ်။ အဲဒါတွေကိုလည်း ကူညီထောက်ပံ့တာတွေ ပြုလုပ်စေချင်တယ်။”

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသူ ၂၉၀,၀၀၀ ကျော်ရှိပြီး အရင် စစ်ဘေးရှောင်တွေဖြစ်တဲ့ လူဦးရေ ၆၀,၀၀၀ ကျော်နဲ့ပေါင်းရင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် သုံးသိန်းခွဲကျော်ရှိတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်ရှစ်ခု အပါအဝင် စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်လေးခုနဲ့ စစ်ရေးတင်းမာနေဆဲ မြို့နယ်သုံးခုက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။


****************************************************************
END / 251